မော်လမြိုင် ၊ ဇူလိုင် (၂၈)

မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စားသုံးဆီ လိုအပ်ချက် မြင့်မားလာတာအပြင် လက်ကျန်ပစ္စည်း နည်းပါးလာတာကြောင့် မြေပဲဈေးနှုန်း စံချိန်တင် မြင့်တက်လာတယ်လို့ ပဲနှမ်း၊ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။မြေပဲဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဇူလိုင်ပထမအပတ်မှာ တစ်တင်းကို ကျပ် ၈၄၀၀၀ သာ ရှိခဲ့ရာမှ ဇူလိုင် နောက်ဆုံးအပတ်မှာတော့ တစ်တင်းကို ကျပ် ၉၃၀၀၀ ထိ စံချိန်တင် ဈေးနှုန်း မြင့်တက်လာခဲ့တာပါ။မြေပဲဈေးနှုန်းဟာ စားသုံးဆီ ပြန်လည် ထုတ်လုပ်ဖို့ ကုန်ကြမ်းအဖြစ် ဝယ်ယူတာနဲ့ အကြော်စုံလုပ်ငန်းတွေမှာ အသုံးပြုဖို့ ဝယ်ယူမှုများပြားလာတာအပြင် မြေပဲလက်ကျန် နည်းပါးတာကြောင့် ဈေးနှုန်း မြင့်တက်လာတာ ဖြစ်တယ်လို့ ပဲနှမ်း၊ကုန်သည် တစ်ဦးက ပြောပါတယ်။“မြေပဲက ပြည်တွင်းမှာ သုံးစွဲမှုလည်း ရှိတယ်။ဆီလိုင်းရှိတယ်၊ အကြော်ပိုတွေ လက်ဖက် အကြော်စုံတွေ ရှိမယ်၊ပဲလှော်လုပ်ငန်းတွေ ရှိတယ်၊ ဆီကြိတ်လုပ်ငန်းတွေ ရှိတယ်။ မြေပဲသုံးစွဲမှုက ပြည်တွင်းမှာလည်း ရှိတယ်။ အဲဒီလိုမျိုးရှိတဲ့အခါကျတော့ အခုချိန်က မြေပဲက ပြည်တွင်းမှာ လက်ကျန်နည်းသွားပြီလေ။ နည်းသွားတဲ့အခါကျတော့ ဟိုဘက်ကို တရုတ်ဈေးကွက်ကို သိပ်မမှီခိုရတော့ဘဲနဲ့ ပြည်တွင်းဈေးကွက်မှာတင် ကုန်နေတဲ့ သဘောရှိတယ်။အဲဒါကြောင့်မို့လို့ ဒေသတွင်းမှာ ဈေးတက်တာလို့ ကျွန်တော် မြင်တယ်”လို့ သူက ဆိုပါတယ်။ဒါ့အပြင် မြေပဲဈေးနှုန်းဟာ တရုတ်နိုင်ငံကို မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ တင်ပို့မှုတွေလည်း ရှိနေတာကြောင့် ပြည်တွင်းမှာ မြေပဲလက်ကျန်နည်းပါးလာတဲ့အတွက် ဈေးနှုန်း စံချိန်တင် မြင့်တက်လာတာလည်း ဖြစ်ပါတယ်။လက်ရှိမှာတော့ ပြည်တွင်း ဈေးကွက်မှာ မြေပဲဆီ ၁ ပိဿာကို ၁၀၀၀၀ ကျပ် ကနေ ၁၃၀၀၀ ကျပ်အထိ ဈေးနှုန်း မြင့်တက်လာသလို မြေပဲဖတ် ၁ ပိဿာကိုလည်း ၁၆၀၀ ကျပ်ကနေ ၁၈၀၀ ကျပ်အထိ ဈေးနှုန်း ဆက်လက် မြင့်တက်လာတာပါ။မွန်ပြည်နယ်မှာတော့ မြေပဲကို ကျိုက်မရော၊ချောင်းဆုံ၊မော်လမြိုင်၊ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်တို့မှာ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးကြတာ ဖြစ်ပါတယ်။ထွက်ရှိလာတဲ့ မြေပဲအဖြူဆံတွေကို ထိုင်းနိုင်ငံသို့ တင်ပို့တာတွေရှိသလို မြေပဲအနီဆံတွေကိုတော့ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချတာ ဖြစ်ပြီး ကျန်ရှိတဲ့ မြေပဲတွေကိုတော့ အကြော်အလှော်နဲ့ စားသုံးဆီအဖြစ် ပြန်လည်ထုတ်လုပ်တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.