ရန်ကုန် – ဇူလိုင်(၂၇)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီဝင် (၂၆) ဦးကို စစ်ကြောရေးငရဲခန်းနဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါတွေဖြစ်တဲ့ စွန်ရဲ၊ ပျူစောထီအဖွဲ့တွေက သတ်ဖြတ်ထားတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရန်ကုန်တိုင်း ဒုတိယဥက္ကဌ ဒေါက်တာဘိုင်အိုက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီနဲ့ အပေါင်းအပါတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ကြံသတ်ဖြတ်တာတွေရှိနေတာပါ။ “သတ်ဖြတ်ခံရတဲ့အထဲမှာ ပါတီဝင်(၁၁) ဦးပါပြီးတော့ ပါတီမိသားစုဝင်(၁၆) ဦးတောင်ပါဝင်ပါ တယ်။ ဒီစာရင်းက တစ်နိုင်ငံလုံးပါ ကျွန်တော်တို့မှာ စာရင်းအတိအကျရှိပါတယ်။ ဒီစာရင်ထဲမှာ ပါတဲ့သူတွေက မင်းအောင်လှိုင်စစ်တပ်က အကြောင်းမဲ့ သတ်ဖြတ်ခံခဲ့ရသူတွေပါ” လို့ ဒေါက်တာ ဘိုင်အိုက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီက NLD ပါတီဝင် (၁၀၀၀) နီးပါးကို ဖမ်းဆီးထားပြီး အဲ့ဒီထဲမှာ (၂၀၀) လောက်ကိုတော့ ပြန်လွှတ်ပေးထားတယ်လို့ သူကပြောပါသေးတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ မိသားစုဝင် တွေအတွက် ထောက်ပံ့ကြေးအဖြစ်ငွေကျပ်(၁၀) သိန်းစီထောက်ပံ့ကူညီပေးတာတွေရှိတယ်လို့ သိရပါတယ်။ မွန်ပြည်နယ်ဘီးလင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်း၊ပါတီဝင် ဦးပန်းမြင့်နဲ့ ဦးကိုကိုမောင်တို့ကို ပြီးခဲ့တဲ့ ဇွန်လအတွင်းက စစ်ကောင်စီက သတ်ဖြတ်ထားပါသေးတယ်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝှမ်းမှာ ကျဆုံးခဲ့သူ( ၂၁၂၃) ဦးရှိလာပြီဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူလည်း(၁၄၈၈၃) ဦးရှိလာပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.