ရန်ကုန် ၊ ဇူလိုင် (၂၈)

အာဏာသိမ်း စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို မဲရုံမှူး တာဝန်ပေးအပ်ရင် တရားမျှတမှု ရှိမှာ မဟုတ်သလို ဘက်လိုက်မှုတွေပဲ ဖြစ်လာမယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေနဲ့ ဝါရင့်နိုင်ငံရေးသမားတွေက ဝေဖန်လိုက်ပါတယ်။လာမယ့် ရွေးကောက်ပွဲမှာ ပညာရေးဝန်ထမ်းတွေအပြင် ထွေအုပ်ဝန်ထမ်းတွေနဲ့မီးသတ်တပ်ဖွဲ့ဝင်တွေကိုပါ မဲရုံမှူး တာဝန်ပေးအပ်သွားမယ်လို့ စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောခွင့်ရ ဦးခင်မောင်ဦးက ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်လင်းပွဲမှာ ပြောဆိုခဲ့တာပါ။ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ တစ်ဦးကတော့ ရွေးကောက်ပွဲမှာ ပညာရေးဝန်ထမ်းတွေသာ မဲရုံမှူး ဖြစ်သင့်ပြီး အဲလိုမှ မဟုတ်ဘဲ ထွေအုပ်နဲ့မီးသတ်တပ်ဖွဲ့ဝင်တွေကို မဲရုံမှူး တာဝန်ပေးအပ်ပါက တရားမျှတမှု ရှိလာမဟုတ်ဘူးလို့ ဝေဖန်လိုက်ပါတယ်။“ အဲ့လိုသာ တာဝန်ပေးလိုက်မယ်ဆိုရင် ဘက်လိုက်မှုတွေ ရှိလာမှာပါ။ နဂိုကတည်းက ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေအရ ဆရာ ဆရာမတွေကို မဲရုံမှူးအဖြစ် တာဝန်ပေးတယ်ဆိုတာက အမှန်က တာဝန်မပေးသင့်ဘူး ။ ကြားနေတဲ့ အသင်းအဖွဲ့တွေ ၊ စေတ့နာဝန်ထမ်းတွေကို တာဝန်ပေးရမှာ။ အခုဆို ထွေအုပ်ဆိုတော့ ပိုဆိုးမှာတော့ ။ ဘက်လိုက်မှုတွေဖြစ်ပြီး တရားမျှတမှု ရှိလာမှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲရုံမှူးတချို့ဟာ ဥပဒေပြင်ပလုပ်ဆောင်မှုတွေ လုပ်ဆောင်ခဲ့တဲ့အတွက် အရေးယူမှုတွေ ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။ဝါရင့်နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ဦးဖေသန်းကလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အစိုးရအဖွဲ့ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တာကြောင့် ရွေးကောက်ပွဲမှာ သူတို့တွေကို တာဝန်ပေးပါက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။“ ထွေအုပ်နဲ့မီးသတ်တို့ကတော့ အစိုးရရဲ့အစိတ်အပိုင်းတွေ ဖြစ်တယ်။ လက်ရှိအစိုးရ အောင်နိုင်ရေးအတွက် သူတို့မှာ တာဝန်ရှိတယ်လို့ ယူဆသူတွေဖြစ်တယ်။ သူတို့သာ တာဝန်ယူရင်တော့ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲရုံပေါင်း ၃၉၀၀၀ ကျော်အထိ ဖွင့်လှစ်ခဲ့ပြီး ပညာ ရေးဌာနက ကျောင်းဆရာ၊ဆရာမတွေကို မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်စေခဲ့တာပါ။ဒါပေမယ့် စစ်ကောင်စီကတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းယူခဲ့ပါတယ်။မဲစာရင်းအကြောင်းပြန်ချက်နဲ့ အာဏာသိမ်းယူထားတဲ့ စစ်ကောင်စီကတော့ လာမယ့် ၂၀၂၃ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးသွားမယ်လို့ ပြောဆိုနေတာပါ။အမျိုးသားညီညွတ်အစိုးရ NUG ကတော့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံ အသုံးပြုပြီး တားဆီးဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.