လောင်းလုံး ၊ ဇူလိုင်(၂၇)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာဒေသခံ ၃ ဦးကို စစ်ကောင်စီက PDF အဖွဲ့တွေထံ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာရောက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ဇူလိုင်လ (၂၆) ရက်နေ့ မနက် (၂) နာရီလောက်မှာ စစ်ကောာင်စီလက်အောက်ခံတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၃၀ လောက်ဟာ ကား ၄ စီးနဲ့ အောက်ရေဖြူကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ဒေသခံတွေ ၃ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။ဖမ်းဆီးခံလိုက်ရတဲ့သူတွေထဲမှာ ဘော်ဒါဆောင်ပိုင်ရှင် ဦးညီမောင်ထွေး၊ ကုန်စုံဆိုင်ပိုင်ရှင် လင်းမယား ၂ ဦး ဖြစ်တဲ့ ဦးမောင်မောင်လွင်နဲ့ဒေါ်ဇာမြင့်တို့ ပါဝင်ပါတယ်။ဒေသခံတွေ အဆိုအရ ဖမ်းဆီးခံလိုက်ရတဲ့ ဒေသခံ ၃ ဦးဟာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တွေရဲ့ သတင်းပေးမှုကြောင့် ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ဖမ်းဆီးခံရသူ ၃ ဦးကိုတော့ လောင်းလုံးမြို့မရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပြီး မိသားစုဝင်တွေက အဆက်အသွယ်ရဖို့အတွက် ကြိုးပမ်းနေကြပါတယ်။လောင်းလုံးမြို့နယ်ထဲမှာ အခုဇူလိုင်လအတွင်း CDM ကျောင်းဆရာ၊ဆရာမတွေ အပါအဝင် ဒေသခံ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံထားရသလို အများစုကိုတော့ စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံ ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုဖွင့်ထားတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.