မော်လမြိုင် – ဇူလိုင်(၂၆)

အာဏာသိမ်းစစ်ကောင်စီကို အပြုသဘောဆောင်ပြီး ချဉ်းကပ်တာဟာ ပြေလည်မယ့် အဖြေ ဖြစ်မှာမဟုတ်တဲ့ အတွက် ပြည်သူလူထုတစ်ရပ်လုံးရဲ့ အင်တိုက်အားတိုက်ပါဝင်မှုနဲ့ နိုင်ငံရေး စစ်ရေး၊သံတမန်ရေး၊အုပ်ချုပ်ရေး စစ်မျက်နှာစုံမှာ ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးနဲ့ တော်လှန် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုများက သတင်းထုတ်ပြန်ထား ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တို့ ပူးပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေပူးပေါင်း ကြေညာချက်ထုတ်ပြန်လိုက်တာပါ။ ဖက်ဒရယ်ဒီမိုကရေစီအင်အားစုတွေက စစ်ကောင်စီဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ဦးလှမျိုး အောင်နဲ့ ဦးအောင်သူရဇော်တို့ကို သေဒဏ်ပြစ်ဒဏ်စီရင်ခဲ့တာဟာ ပြဌာန်းသတ်မှတ်ထားတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်မှုမရှိပဲ အကြမ်းဖက်လူသတ်မှု သက်သက်သာ ဖြစ်တယ် လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလ(၉) ရက်နေ့က နေပြည်တော်မှာမမြသွဲ့သွဲ့ခိုင်ကို ပစ်ခတ်သတ်ဖြတ် ခဲ့ပြီးချိန်ကစလို့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို ဥပဒေမဲ့ လက်ရဲဇက်ရဲ ကျူးလွန်နေတဲ့ စစ်အုပ်စုဟာ ခွင့်မလွှတ်နိုင်တဲ့ ရာဇဝတ်မှုတွေကို ထပ်မံကျူးလွန်တာဖြစ်တယ်လို့ ဆို ပါတယ်။ လူနည်းစုတိုင်းရင်းသားတွေကို ခေတ်အဆက်ဆက် ရာဇဝတ်မှုတွေကျူးလွန်ခဲ့တဲ့ စစ်ကောင်စီ ကို အပြုသဘောနဲ့ ဆက်ဆံချဉ်းကပ်တာဟာ ပြေလည်စေမယ့် အဖြေဖြစ်လာမှာ မဟုတ်တဲ့ အတွက် နိုင်ငံရေးပါတီတွေ၊တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်တွင်းပြည်ပက ပြည်ထောင်စုဖွား တွေအနေနဲ့ စစ်ကောင်စီကို အမြစ်ပြတ်တဲ့အထိ တော်လှန်ကြဖို့ ဖက်ဒရယ်ဒီမိုကရေစီအင်အားစု တွေက အသိပေးထားပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ မိတ်ဖက်နိုင်ငံတွေအနေနဲ့ နိုင်ငံရေးနည်းလမ်းကို ငြင်းပယ်ထားတဲ့ စစ်ကောင်စီကို အပြစ်ပေးအရေးယူနိုင်ဖို့၊ပိတ်ဆို့ဟန့်တားရေးနဲ့ တော်လှန်ရေးဆင်နွှဲနေတဲ့ ပြည်သူလူထုနဲ့ အင်အားစုတွေကို လက်တွေ့ကျတဲ့ ကူညီပံ့ပိုးမှုတွေကိုအရှိန်မြှင့်ဆောင်ရွက် ပေးဖိို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.