ရန်ကုန် ၊ ဇူလိုင် (၂၇)

ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို သေဒဏ်စီရင်ခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် နိုင်ငံရေးအကြပ်အတည်း ဖြေရှင်းရေးမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့ ပိုမိုခက်ခဲစေနိုင်တယ်လို့ အပစ်ရပ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က သံလွင်တိုင်းမ်ကို ပြောပါတယ်။အာဏာသိမ်း စစ်ကောင်စီဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို အကျဉ်းထောင်လုပ်ထုံးလုပ်နည်းတွေအတိုင်း ပြစ်ဒဏ်စီရင်ခဲ့ပြီးလို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာပါ။ဒါပေမယ့် ပြစ်ဒဏ်စီရင်ခံခဲ့ရသူတွေကို မည်သည့် အချိန်၊ မည်သည့်နေ့ရက်မှာ စီရင်ခဲ့လဲဆိုတာ မဖော်ပြထားသလို သေဒဏ်စီရင်ပြီးနောက် မိသားစုတွေက ရုပ်အလောင်းတွေ ပြန်ပေးဖို့ သွားရောက် တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီဘက်က ထုတ်ပေးတာ မရှိပါဘူး။PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်ကတော့ မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်တစ်ခုကို အမှန်တကယ် လုပ်ဆောင်ခဲ့မယ်ဆိုရင် အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်သလို အကြပ်အတည်း အခက်အခဲတွေ ပိုမို ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။“ဒီကိစ္စက လက်ရှိ ကျွန်တော်တို့ ကြိုးပမ်းလုပ်ဆောင်နေတဲ့ ပါဝင်သင့်သူ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးကတော့ အပြုသဘောဆောင်တဲ့ အလုပ်တော့ ကျွန်တော်တို့ မမြင်ပါဘူး။ဒီအတွက် တစ်စုံတစ်ရာ ထိခိုက်နစ်နာမှုတွေ ၊ကြာန့်ကြာမှုတွေ စသည်ဖြင့် ကျွန်တော်တို့ လိုလားတဲ့ တွေ့ ဆုံဆွေးနွေးပွဲအတွက် အပြုသဘောမဆောင်တဲ့ ရိုက်ခတ်မှုတွေ ရှိလာမယ်လို့ သုံးသပ်မိပါတယ်”လို့ PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုပါတယ်။စစ်ကောင်စီဟာ နိုင်ငံတကာအသိုင်းအဝိုင်းတွေနဲ့ အာဆီယံကိုယ်စားလှယ်တို့ ကန့်ကွက်နေတဲ့ကြားက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေကို ကြိုးပေးကွပ်မျက်ခဲ့တာ ဖြစ်ပါတယ်။စစ်ကောင်စီရဲ့ လုပ်ရပ်ကြောင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးမှာလည်း မလိုလားအပ်တဲ့ အခက်အခဲတွေ ထပ်မံ ဖြစ်ပေါ်လာနိုင်တယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုပါတယ်။“ငြိမ်းချမ်းရေးကို အာမခံချက်ပေးနိုင်မယ့် ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ ကျွန်တော်တို့က နည်းလမ်းရှာပြီးတော့ လက်ရှိအခြေအနေအရတော့ အခက်အခဲအများကြီး ရှိကောင်းရှိမယ်။လက်ရှိဖြစ်သွားတဲ့ ကိစ္စရပ်တွေအပေါ်မှာ အခက်အခဲက မလိုအပ်ဘဲနဲ့ ပိုပြီးတော့ ခက်ခဲသွားစေနိုင်တာလည်း ဖြစ်ကောင်းဖြစ်မယ်။သို့သော်လည်းပဲ ကျွန်တော်တို့ နဂိုသဘောတူထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ လိုလားတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် ဆက်လက်ပြီးတော့ ဆွေးနွေးနိုင်တဲ့ လမ်းကြောင်းကို ကြိုးပမ်းဖော်ဆောင်ပြီးတော့ ဆောင်ရွက်သွားဖို့ အဲဒီလိုမျိုး နားလည်မှုတော့ ရှိပါတယ်”လို့ သူက ဆိုပါတယ်။ အပစ်ရပ် PPST ဟာ နိုင်ငံရေးပြဿာနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ့် အခင်းအကျင်း တစ်ရပ်ဖြစ်ပေါ်လာဖို့နဲ့ ပါဝင်သင့်ပါဝင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေး ကြိုးပမ်းသွားမယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ထုတ်ပြန်ထားတာပါ။ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ တစ်ခု ဖြစ်ပါတယ်။လက်ရှိမှာတော့ PPST မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်(PNLO)၊ ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) နဲ့ မွန်ပြည်သစ်ပါတီ(NMSP) တို့ ပါဝင်ပါတယ်။ကျန်ရှိတဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) တို့ကတော့ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းမှာ ကျင်းပတဲ့ PPST ထိပ်သီးခေါင်းဆောင်တွေရဲ့ စတုတ္ထအကြိမ် ညီလာခံ (ဒုတိယပိုင်း)ပြုလုပ်ပြီး နောက်ပိုင်း နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေကို လျှော့ချထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.