ကျိုက်ထို ၊ ဇူလိုင် (၂၇)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ဇူလိုင် ၂၆ ရက်နေ့ တစ်ရက်တည်း စစ်ကောင်စီယာဉ်တန်း ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ပဲခူးတိုင်း ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ကို မောင်းနှင်းလာတဲ့ ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်းကို ဇူလိုင် ၂၆ ရက်နေ့ မနက်၇ နာရီလောက်က အင်္ဂဘိုကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကား တစ်စီး ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေ မသိရသေးဘူးလို့ ဆိုပါတယ်။ဒါ့အပြင် ဘီးလင်းမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းနှင်းလာတဲ့ ကား ၇ စီးပါ စစ်ကောင်စီယာဉ်တန်းကိုလည်း ဇူလိုင် ၂၆ ရက်နေ့ နေ့လယ် ၁၁ နာရီလောက်က မုပ္ပလင်ကျေးရွာအနီးမှာ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ကား တစ်စီး ထိမှန်ပျက်စီးခဲ့သလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကားတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရပြီး တစ်လကို အနည်းဆုံး ၁၅ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.