မော်လမြိုင် ၊ ဇူလိုင် (၂၂)

 
စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ လူမှုစီးပွား အကြပ်အတည်းတွေကြောင့် မသန်းစွမ်းတွေဟာ မိသားစု စားဝတ်နေရေးနဲ့ ကျန်းမာရေးပြဿနာကို ဆိုးဆိုးဝါးဝါး ထပ်မံ  ခံစားနေရတယ်လို့ မသန်စွမ်းအရေး ကူညီဆောင်ရွက် နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။


မသန်စွမ်းသူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်ကနေ ထုတ်ပယ်ခံရတာ၊ ဝန်ထမ်းလျော့ချခံရတဲ့အထဲ ပါဝင်သွားတာ၊ ပုံမှန်ဝင်ငွေ မရှိတော့တဲ့အတွက်ကြောင့် မိသားစု စားဝတ်နေရေးနဲ့ ကျန်းမာရေး ပြဿနာကို အလူးအလဲ ခံစားနေရတာ ဖြစ်ပါတယ်။

 
မသန်စွမ်းသူတွေဟာ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးသွားတဲ့အချိန်မှာပဲ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့ အခြေအနေကို ထပ်မံ ရင်ဆိုင်နေရသလို ကျန်းမာရေးစောင့်ရှောက်မှုလည်း မရကြတော့ဘူးလို့ ဆိုပါတယ်။

 ဒီအခြေအနေနဲ့ ပတ်သက်ပြီး မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူ တစ်ဦးက အခုလိုပဲ ပြောပါတယ်။


“စားဝတ်နေရေးနဲ့ ကျန်းမာရေး အဲ့(၂)ခုက အဓိကပဲ သိလား၊ အဲ့(၂)ခု အတွက်က အလုပ်အကိုင် အခွင့်အလမ်းပေါ့၊ အလုပ်အကိုင် အခွင့်အလမ်းက အခုက ပိုပြီးတော့တောင်မှ မသန်စွမ်း မဟုတ်တဲ့ သူတွေတောင်မှ အလုပ်တွေ ကြပ်ပြီး ပိုပြီးတော့ အလုပ်လက်မဲ့ ဖြစ်တော့ မသန်စွမ်းတွေက ပိုဆိုးရော၊ စားဝတ်နေရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပိုပြီးတော့ အရေးကြီးတာပဲ၊ တချို့ အလုပ်တွေ ပြန်ခေါ်ပေမယ့် မသန်စွမ်းတွေက ပါမလာဘူးဗျ အဲ့တာမျိုးတွေ ပေါ့နော်၊ မသန်စွမ်းတွေကတော့ ထုံစံ အတိုင်း ခံပြီးရင်း ခံပေါ့ဗျာ”လို့ ဆိုပါတယ်။


လက်ရှိမှာတော့ မသန်စွမ်းသူတွေဟာ မိသားစု စားဝတ်နေရေးနဲ့ ကျန်းမာ‌ရေးပြဿနာတွေကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိလာသလို အာဟာရချိုတဲ့မှုကိုပါ ခံစားနေရပါတယ်။

 
ဒါကြောင့် မသန်စွမ်းသူတွေကို ပြည်သူတွေအနေနဲ့ တတ်နိုင်တဲဘက်က ပါဝင်ကူညီပေးဖို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်နေသူတွေက တိုက်တွန်းလိုက်ပါတယ်။


တဖက်မှာတော့ မသန်စွမ်းသူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အခွင့်အရေး အားလုံးနီးပါး ဆုံးရှုံးလာကြသလို အလုပ်သွားလျှောက်ရာမှာလည်း ချန်လှပ်ခံနေရတာ ဖြစ်ပါတယ်။

 
မြန်မာနိုင်ငံမှာတော့ ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေရဲ့ ၁၃ နီးပါးဟာ မသန်စွမ်းသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.