ထားဝယ် ၊ ဇူလိုင် (၂၂)


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပခပ်ကျေးရွာအနီးမှာ ကား ၁၉ စီးပါ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက် ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ ၂၀ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အေဒင်မှူးအဖွဲ့က ထုတ်ပြန်ပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ ညနေပိုင်းက ပကာရီကျေးရွာဘက်ကနေ ထားဝယ်မြို့ဘက်ကို ထွက်လာတဲ့ ကား ၁၉ စီးပါ စစ်ကောင်စီယာဉ်တန်းကို ပခပ်ရွာတံတားအနီးမှာ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကား ၃ စီး ထိမှန်ခဲ့ကာ စစ်ကောင်စီတပ်သား ၂၀ နီးပါး သေဆုံးပြီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။


ဒါ့အပြင် ဇူလိုင် ၂၀ ရက်နေ့မှာပဲ ထားဝယ်မြို့နယ်၊ ဝက်သေကျေးရွာအနီးမှာ စစ်ကောင်စီ ရှေ့ပြေးခြေလျင်အဖွဲ့ကို ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီမိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ဦး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 
ထားဝယ်မြို့နယ်ထဲမှာတော့ အခုဇူလိုင်လအတွင်း စစ်ကောင်စီတပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရှိနိုင်တဲ့ နေရာတွေကို စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို မကြာခဏ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံနေရတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.