တောင်ငူ ၊ ဇူလိုင်(၂၂)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂) ထိန်းချုပ်နယ်မြေဖြစ်တဲ့ တောင်ငူခရိုင်ထဲမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များနေတယ်လို့ KNLA တပ်မဟာ ၂ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့စပြီး ကေအဲန်ယူ-တောင်ငူခရိုင် သံတောင်ကြီးမြို့နယ် တာပူဒေသကို စစ်ကောင်စီတပ်က စစ်ရေး ဝင်ရောက် လှုပ်ရှားလာတာကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

အဲဒီနှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၂၁ ဦး သေဆုံးထားကြောင်းနဲ့ အခုတိုက်ပွဲဟာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြပြီး နယ်မြေစိုးမိုးရေး လာလုပ်လို့  ဖြစ်တာလို့ KNLA တပ်မဟာ ၂ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ခလရ(၈၅)နဲ့ လမရ(၃၀၇)စစ်ကြောင်းက တပ်တွေဟာ ကျေးရွာတွေထဲကို လက်နက်ကြီးတွေပစ်ခတ်တာ၊ ကျေးရွာတချို့က ပြည်သူတွေရဲ့အိမ်ယာတွေကို မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့ပြီး စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံပြည်သူဦးရေ(၂၆၀၀) ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး လက်ရှိမှာ နေရာထိုင်ခင်း၊ ရိက္ခာအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ကေအဲန်ယူ-တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေ သံတောင်ကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ ၂ တို့အကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ ရှိလာနေတဲ့အတွက် ထိတွေ့တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.