တနင်္သာရီ ၊ ဇူလိုင်(၁၇)

တနင်္သာရီတိုင်းဒေသကြီးထဲက တိုက်ပွဲတွေမှာ စစ်ကောင်စီဟာ ကြည်းတပ်တွေအပြင် ရေတပ် တပ်ဖွဲ့ဝင်တွေကိုပါ အသုံးပြု ထိုးစစ်ဆင်လာတယ်လို့ တနင်္သာရီ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဟာ တနင်္သာရီတိုင်းထဲက ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူနဲ့ ပုလောမြို့နယ်တွေကို တပ်အင်အား အလုံးအရင် ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

အဲလို ထိုးစစ်ဆင်ရာမှာ မြို့နယ် ၅ မြို့နယ်စလုံးကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်လာတာ ဖြစ်ပြီး ကမ်းရိုးတန်းနဲ့နီးတဲ့ မြို့နယ်တွေမှာဆိုရင် ရေတပ် တပ်ဖွဲ့တွေကိုပါ အသုံးပြုလာတာ ဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး တနင်္သာရီ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ တာဝန်ခံ ဂျူပီတာက အခုလိုပဲ ပြောပါတယ်။

ခုက စကစ ဘက်က ရေတပ်သားတွေပါ အသုံးပြုပြီး ထိုးစစ်ဆင်လာတာတွေရှိတယ်။ ဒါက ကြည်းတပ်အင်အား နည်းလာတာကို ပြတာပါဘဲ။ တနင်္သာရီမှာက ရေတပ်စခန်းကြီး ၃ ခုရှိတယ်။ ခုက မောရဝတီရေတပ်စခန်းက ရဲဘော်တွေကို အများဆုံးသုံးလာတယ်။ တစ်ခါတလေ ရေတပ်လှေတွေ အသုံးပြု လှည့်လည်သွားလာတာတွေလဲရှိနေတယ်။ သူတို့သဘောက တနင်္သာရီတိုင်းထဲကို  PDF ကင်းစင်နယ်မြေဖြစ်အောင် လုပ်ဖို့ကြိုးစားနေတာ။ PDF တွေကို မြေလှန်မယ်ဆိုတဲ့ သဘောနဲ့ လုပ်လာတာလို့မြင်တယ်။ ဒါပေမယ့် ဒါဟာ ရယ်စရာဘဲဖြစ်နေမှာပါ။ PDF တွေက တစ်တိုင်းလုံးထဲက မြို့နယ်၊ ကျေးရွာအနှံမှာရှိနေတာပါ။ PDF တွေကုန်အောင် မြေလှန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”လို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နှစ်ဖက်တိုက်ပွဲတွေမှာ ရေတပ် တပ်ဖွဲ့ဝင်တွေကိုပါ အသုံးပြုလာတာဟာ သူတို့ဘက်က တပ်အင်အား ချိနဲ့လာတာကို ပြသနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် တနင်္သာရီတိုင်းထဲကို စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် တိုင်းနဲ့ပြည်နယ်အသီးသီးက တော်လှန်ရေး အင်အားစုတွေအနေနဲ့ တိုက်ပွဲဖော်ဆောင်ပေးဖို့ တိုက်တွန်းထားပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်ကောင်စီတပ်က PDF ကင်းရှင်းနယ်မြေဖြစ်ရေး ကြိုးပမ်းရာကနေ နှစ်ဖက် တိုက်ပွဲတွေ ပြင်းထန်လာတာ ဖြစ်ပြီး အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ရှိနေတာပါ။

လတ်တလောမှာ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၁၀၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရပြီး သူတိူ့အအတွက် စားနှပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.