မော်လမြိုင် ၊ ဇူလိုင် (၁၇)

 
အာဏာသိမ်း စစ်ကောင်စီက ပြည်တွင်းမှာ ဒေါ်လာငွေ ထိန်းချုပ်မှုတွေ ဆက်တိုက် လုပ်ဆောင်လာတာကြောင့် တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ စီးပွားရေး ပညာရှင်တွေက ဝေဖန်လိုက်ပါတယ်။


စစ်ကောင်စီဟာ ပြည်တွင်း နေထိုင်သူတွေအနေနဲ့ ပြည်ပက ရယူထားတဲ့ ချေးငွေတွေကို အတိုးရော အရင်းပါ ပြန်ဆပ်ဖို့ ဆိုင်းငံ့ ခိုင်းတာတဲ့အပြင် နိုင်ငံခြားသား ရှယ်ယာ (၃၅) ရာခိုင်နှုန်း ပါဝင်တဲ့ မြန်မာကုမ္ပဏီတွေကိုလည်း နိုင်ငံခြားငွေကနေ မြန်မာကျပ်ငွေ လဲလှယ်ကြဖို့ ဇူလိုင် ဒုတိယအပတ်အတွင်း ညွှန်ကြားလာတာပါ။


စစ်ကောင်စီက ဒေါ်လာငွေ ထိန်းချုပ်တာတွေ လုပ်ဆောင်လာတဲ့အတွက် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ထွက်ခွာလာနိုင်ပြီး တိုင်းပြည် စီးပွားရေး အခြေအနေ ပိုမို ဆိုးရွားလာနိုင်တယ်လို့ စီးပွားရေး ပညာရှင် တစ်ဦးက ပြောပါတယ်။

“ ဒေါ်လာဟာ ငွေကြေး တစ်မျိုးသာ မကဘူး၊ မြန်မာပြည် အဖို့ ဆိုလိုရှိရင် ရောင်းကုန် တစ်မျိုးလည်း ဖြစ်တာပေါ့၊ ရောင်းကုန် တစ်မျိုး ဖြစ်တယ် ဆိုလို့ရှိရင် သူရဲ့ ဈေးနှုန်းဟာ ဝယ်အား ရောင်းအား အပေါ်မှာ တည်ပြီးတော့ဘဲ ပြောင်းလဲမှာဘဲ၊ အဲ့တာကို ထိန်းချုပ်တယ်ဆိုတာ သဘာဝကို မကြဘူး၊ အောင်လည်း မအောင်မြင်နိုင်ဘူး၊ နောက်ထပ် နိုင်ငံခြားရင်းနှီး မြုပ်နှံမှုတွေ ဝင်လာဖို့ ပိုပြီးတော့ ခက်ခဲ သွားလိမ့်မယ်၊ လက်ရှိ ရှိနေတဲ့ ရင်းနှီးမြုပ်နှံမှုတွေက လည်းပဲ သူတို့ အခွင့်သာလို့ရှိရင် ထွက်သွားကုန်လိမ့်မယ်”လို့ ဆိုပါတယ်။


ဒါ့အပြင် အရင် ဦးနေဝင်း အစိုးရလက်ထက်တုန်းကလည်း ဒေါ်လာကို ထိန်းချုပ်နိုင်ဖို့အတွက် မြန်မာငွေနဲ့ ပုံသေနှုန်း ထားပြီး လဲလှယ်ခဲ့ပေမယ့် အောင်မြင်မှု မရခဲ့သလို စီးပွားရေးလုပ်ငန်းတွေလည်း ကမောက်ကမ ဖြစ်ခဲ့တဲ့ သာဓကတွေ ရှိတာကြောင့် သတိထားဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။


စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ စစ်ကောင်စီက ဒေါ်လာငွေ ထိန်းချုပ်လာတာကြောင့် လုပ်ငန်းအများစု လည်ပတ်ဖို့ နှေးကွေးလာသလို အကျပ်အတည်းနဲ့ ပိုမို ရင်ဆိုင်လာရတယ်လို့ ပြောတယ်။

 “အခုလိုမျိုး ကျတော့ လုပ်ရကိုင်ရ ကြပ်တာပေါ့နော်၊ အားလုံး လုပ်ရကိုင်ရတာတွေက ကြပ်ကုန်တာပေါ့၊ ကြပ်ကုန်တဲ့ အခါကြတော့ နှေးလာတယ်၊ လည်ပတ်မှုတွေလည်း နှေးလာတယ်၊ နောက်တစ်ခုက နောက်ပိုင်းကြရင် တချို့ဟာတွေက ရှားလာမှာပေါ့နော်၊ အဲ့ဒီအစားတော့ ကျွန်တော်တို့ကတော့ ထိန်းချုပ်ထားတယ် ဆိုရင် ကာလရှည်ဆိုရင် မကောင်းဘူးပေါ့နော် အဲ့လိုတော့ မြင်တယ်” လို့ ဆိုပါတယ်။


စစ်ကောင်စီဟာ ပြည်တွင်းမှာ ဒေါ်လာငွေ လက်ကျန် နည်းလာတာကြောင့် နည်းမျိုးစုံသုံးပြီး ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် ပို့ကုန် လုပ်ငန်းတွေကို ဒေါ်လာနဲ့ တန်ဖိုး သတ်မှတ်ပြီး ကုန်သွယ်ခိုင်းနေသလို ကုန်သွယ်မှု ရငွေတွေကိုလည်း ဘဏ်စလစ် ပြနိုင်မှ နောက်တစ်ကြိမ် ကုန်သွယ်ခွင့် ပြုမယ်လို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။


စီးပွားရေးပညာရှင်တွေကတော့ ဒေါ်လာငွေ ထိန်းချုပ်မှုဟာ တိုင်းပြည်ရဲ့စီးပွားရေး ပိုမို ဆုတ်ယုတ်လာနိုင်တာကြောင့် အထူးသတိထားပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၂ ခုနှစ်အတွင်း မရေရာ မသေချာမှုတွေ များနေတဲ့အတွက်ကြောင့် မြန်မာစီးပွားရေးကို ခန့်မှန်းတွက်ချက်ခြင်း မရှိဘဲ ချန်လှပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.