ရန်ကုန် ၊ ဇူလိုင် (၁၇)

 
အာဏာသိမ်း စစ်ကောင်စီရဲ့ ကြိုတင်ကန့်သတ်ချက် သုံးချက်ကြောင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်လာဖို့ မရှိဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေနဲ့ ဝါရင့်နိုင်ငံရေးသမားတွေက သုံးသပ်လိုက်ပါတယ်။

 
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်ပေါ်စေဖို့ဆိုရင် အစိုးရကို မဖျက်ဆီးဖို့၊ အစားမထိုးဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ငြိမ်းချမ်းရေးဆွေးဆွေးမှုရဲ့ အခြေခံမူအဖြစ် သတ်မှတ်ဖို့ဆိုတဲ့ ကြိုတင်ကန့်သတ်ချက် သုံးချက်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ် ထုတ်ဖော်ပြောဆိုခဲ့တာပါ။

 
ပြီးခဲ့တဲ့ ဇွန် ၃၀ ရက်ကနေ ဇူလိုင် ၃ ရက်အထိ မြန်မာနိုင်ငံကို ဒုတိယအကြိမ် ခရီးစဉ်အဖြစ် လာရောက်ခဲ့တဲ့ အာဆီယံအထူးကိုယ်စား ပရက်ဆော့ခွန်းဟာ စစ်ကောင်စီရဲ့ ပြောဆိုချက်တွေ အပါအဝင် သူ့ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး ဇူလိုင် ၆ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

 
စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ဖြစ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မူနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာကြောင့် စေ့စပ်ညှိနှိုင်းဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သံလွင်တိုင်းမ်ကို ပြောပါတယ်။


“အာဏာသိမ်းလိုက်တဲ့အတွက်ကြောင့်မို့ ၂၀၀၈ က ပျက်သွားပြီ၊ အဲဒီ ၂၀၀၈ အစား ဖက်ဒရယ်ချာတာ 1၊ 2 ဆိုပြီး ထွက်လာတယ်။အဲဒီအပေါ်မူတည်ပြီး ကြားကာလ အုပ်ချုပ်စီမံမှုပုံစံနဲ့ ဖွဲ့စည်းပုံအသစ်ထွက်ဖို့ဆိုရင် လမ်းကြောင်းက ဒီဘက်မှာ တိုင်းရင်းသားလူမျိုးစုတွေနဲ့ သူတို့ (NUG) ကြိုးစားနေတယ်။ အဲဒီတော့ မူအားဖြင့် ဆန့်ကျင်ဘက်ရောက်သွားပြီလို့ ကျွန်တော်တို့ ပြောလို့ရတယ်။အဲဒီလိုမျိုး ဆန့်ကျင်ဘက် ဖြစ်နေတဲ့အတွက်ကြောင့်မို့ လက်ရှိအချိန်မှာ သူမသာ၊ကိုယ်မသာဖြစ်နေတဲ့ အခြေအနေက ဘယ်လိုမှ စေ့စပ်ညှိနှိုင်းရေးဆိုတဲ့ဟာ ဖြစ်နိုင်စရာအကြောင်းကို မရှိဘူး”လို့ သူက ဆိုပါတယ်။


ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးဖေသန်းကတော့ စစ်ကောင်စီအနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံခေါင်းဆောင်တွေအပါအဝင် NLD ခေါင်းဆောင်တွေကို ပြန်လွှတ်မပေးဘဲနဲ့ တွေ့ဆုံဆွေးနွေးရေး မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

“အဲဒီလို အခြေအနေမျိုးမှာ ဆွေးနွေးဖို့ဆိုတာက သူ့ဘက်က (စကစ) လုပ်ထားတဲ့ ကိစ္စတွေကို ပြန်မဖြေလျှော့ဘဲနဲ့ ကိုယ့်ဘက်က ဘာလိုချင်ပါတယ်၊ဘယ်လို လုပ်ပေးရမယ်၊ ဘယ်လိုမဖြစ်ဘူးဆိုတာမျိုး တောင်းဆိုတာက လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘဲ ကိုယ့်ဘက်ကိုပဲ အဓိက ကာနေတယ်လို့ မြင်တယ်။ကျော်ပြီးတော့ အကွက်ဆွဲနေတဲ့သဘောမျိုး မြင်ရတယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။


မဲစာရင်း အကြောင်းပြပြီး အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီကတော့ အရေးပေါ်ကာလ ပြဌာန်းချက်တွေကို လုပ်ဆောင်ပြီးရင် လာမယ့် ၂၀၂၃ မှာ လွတ်လပ်ပြီးတရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ်လို့ ကြေညာထားခဲ့တာပါ။


တစ်ဖက်မှာလည်း နိုင်ငံတဝန်း စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။


လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ စစ်ကောင်စီအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်ဆိုင်း‌ပေးရမှာဖြစ်ပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးမှသာ စေ့စပ်ဆွေးနွေးရေး ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ‌ထောက်ပြပါတယ်။


“နိုင်ငံရေးဆွေးနွေးပွဲတစ်ရပ်ဖြစ်လာဖို့အတွက် အဓိက တောင်းဆိုတဲ့အချက်က စစ်ကောင်စီအစိုးရရဲ့ အကြမ်းဖက်ရက်စက်မှုတွေ ရပ်ဆိုင်းပေးရမယ်။နောက်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းခံထားတဲ့ ရွေးကောက်တင်မြှောက်ခံ NLD ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးရမယ်။အဲဒီချက်နှစ်ချက် ပါမှသာလျှင် စေ့စပ်ဆွေးနွေးရေးဆိုတာ ဖြစ်မှာပါ”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။


အဲဒီအချက်တွေကို စစ်ကောင်စီဘက်က မလိုက်လျောဘဲ နိုင်ငံတကာက အသိအမှတ်ပြုလာဖို့ လုပ်ဆောင်လာမှုတွေဟာ စေ့စပ်ဆွေးနွေးရေးတံခါးကို ပိတ်လိုက်တဲ့သဘောသာဖြစ်တယ်လို့ ဦးသန်းစိုးနိုင်က မှတ်ချက်ပြုပါတယ်။


မြန်မာ့နိုင်ငံရေးအကျပ်အတည်းဖြေရှင်းဖို့ တရုတ်နိုင်ငံကလည်း စစ်ကောင်စီကို ဖိအားပေးမှုတွေ ရှိလာသလို အာဆီယံကလည်း ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ တောင်းဆိုမှုတွေ ရှိနေပါတယ်။


အာဆီယံ ထိပ်သီးခေါင်းဆောင်တွေရဲ့ ဘုံသဘောတူညီချက် ငါးရပ်မှာတော့ ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်ဖြေရှင်းမှုတွေ ရပ်ဆိုင်းဖို့၊ သက်ဆိုင်ရာအစုအဖွဲ့အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ လူသားချင်း စာနာအထောက်အထားမှုအကူအညီတွေ ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။


ဒါပေမယ့် လက်ရှိမှာတော့ အဲဒီဘုံသဘောတူညီချက် ငါးရပ်ကို စစ်ကောင်စီဘက်က  လက်တွေ့ ကျကျ အကောင်အထည်ဖော် လုပ်ဆောင်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.