ကျိုက်ထို ၊ ဇူလိုင် (၁၇)


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ဒေါင်းတောင် ကျိုက်ထီးရိုးလေး လမ်းခွဲအနီး မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့တယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တပ်ရင်း ၃ က ထုတ်ပြန်ပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က ပဲခူးတိုင်း ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းနှင်လာတဲ့ ကား ၅ စီးပါ စစ်ကောာင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းအဖွဲ့က မိုင်းဆွဲပြီးနောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။


အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီကား တစ်စီး ထိမှန် ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့သလို ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိနိုင်တယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ တပ်ရင်း ၃ က ထုတ်ပြန်ထားပါတယ်။


မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ၁၅ မိနစ်နီးပါးကြာ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး KNLA ပူးပေါင်းအဖွဲ့က ထိခိုက်မှုတစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။


မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီယာဉ်တန်းဟာ ကျိုက်ထိုမြို့နယ် ဘိုက္ကားကျေးရွာရှိ စစ်ကောင်စီ ခလ(၂) တပ်ရင်းမှာ တစ်နာရီနီးပါးအကြာ ရပ်တန့်ပြီးနောက် ဘီးလင်းမြို့နယ်ထဲကို ဆက်လက်မောင်းဝင်သွားတယ်လို့ ဆိုပါတယ်။


ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက် စစ်ရေး ဆက်လက် တင်းမာနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.