ဘားအံ ၊ ဇူလိုင် (၁၆)


ထားဝယ်နဲ့ ဘားအံက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အကြောင်းအမျိုးမျိုးပြပြီး ရိုက်နက်ညှဉ်းပန်းနှိပ်စက်တာတွေ ဆက်တိုက် ကျူးလွန်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက် နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

 
ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့ တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်ထဲမှာ ရေချိုးနောက်ကျလို့ဆိုပြီး နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို ထောင်အာဏာပိုင်တွေက ကိုယ်ထိလက်ရောက် ရိုက်နက်ညှဉ်းပန်း နှိပ်စက်ခဲ့တာ ဖြစ်ပါတယ်။

 
ရိုက်နက်ညှဉ်းပန်းနှိပ်စက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားသူတွေဟာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က)နဲ့ အကျဉ်းချခံထားရတဲ့သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

 
ဒါ့အပြင် ဘားအံထောင်ကနေ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွှေ့ခံရတဲ့ ဘားအံတက္ကသိုလ် ကျောင်းသား ၉ ဦးကိုလည်း ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ဘားအံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။

 
ထောင်ပြောင်းရွှေ့ခံရတဲ့ တက္ကသိုလ်ကျောင်းသားတွေကို ထောင်အာဏာပိုင်တွေက “မင်းတို့လားကွ၊ တော်လှန်ရေးသမားတွေ၊ အရေးတော်ပုံအောင်နေပြီလားကွ”ဆိုပြီး ရိုက်နှက်ညှဉ်းပန်း နှိပ်စက်ပြီးနောက် တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။


ထောင်းပြောင်းရွှေ့ခံရတဲ့ ဘားအံတက္ကသိုလ်ကျောင်းသား ၉ ဦးဟာ မတရားဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁၂ နှစ်နဲ့ ၁၃ နှစ်တွေ ချမှတ်ခံထားရတဲ့တွေသူ ဖြစ်ပြီး သာယာဝတီအကျဉ်းထောင်ကို ရည်ရွယ်ချက်ရှိရှိ ပြောင်းရွှေ့ခံခဲ့ရတယ်လို့ ဘားအံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.