မော်လမြိုင် ၊ ဇူလိုင် (၁၆)


ဆီထွက်သီးနှံတွေ ပြည်ပတင်ပို့ခွင့်အတွက် ပို့ကုန်လိုင်စင်လျှောက်ထားရာမှာ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များအသင်း ထောက်ခံချက် ရရှိမှသာ လိုင်စင် ထုတ်ပေးဖို့ စစ်ကောင်စီ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

 
စစ်ကောင်စီက ဆီထွက်သီးနှံတွေ ဖြစ်တဲ့ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုးနဲ့ မြေပဲဆံတို့ကို ပြည်ပတင်ပို့ခွင့်အတွက် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနဲ့ နှမ်းကုန်သည်များအသင်း ထောက်ခံချက်နဲ့သာ ပို့ကုန်လိုင်စင်ခွင့်ပြုထုတ်ပေးဖို့ ကုန်သွယ်ရေးဦးစီးဌာနကို ညွှန်ကြားထားတယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။


ဒါ့အပြင့် ဆီထွက်သီးနှံတွေကို ပြည်ပတင်ပို့ရာမှာလည်း နယ်စပ်လမ်းကြောင်း ဒါမှမဟုတ် ပင်လယ်ရေလမ်းကြောင်းကနေ ဖြစ်စေ ဇူလိုင် ၁ ရက်နေ့ကစပြီး အမေရိကန်ဒေါ်လာ အသုံးပြု ကုန်သွယ်မှုနည်းလမ်းကိုသာ ပို့ကုန်လိုင်စင် ခွင့်ပြုထုတ်ပေးနေတယ်လို့ ဆိုထားပါတယ်။


ပဲနှမ်းကုန်သည် တစ်ဦးကတော့ အသင်း ထောက်ခံချက်နဲ့အတူ သတ်မှတ်ထားတဲ့ အချက်အလက်တွေကို ကုန်သွယ်ရေးဦးစီးဌာနကို လျှောက်ထားရပေမယ့် အချိန်မီ ဆောင်ရွက်ပေးနိုင်ခြင်း မရှိရင် ကြန့်ကြာမှုတွေ ရှိနိုင်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့လည်း တင်ပြလျှောက်ထားလာတဲ့ ပို့ကုန်လိုင်စင်တွေကို သတ်မှတ်ကာလအတွင်း လုပ်ဆောင်ပေးနိုင်ခြင်း မရှိရင် ဈေးကွက်ရိုက်ခတ်မှုတွေပါ ထပ်ရှိလာနိုင်တယ်လို့ သူက ဆိုပါတယ်။

 
တဖက်မှာတော့ စစ်ကောင်စီဟာ ပဲမျိုးစုံ၊ပြောင်း၊နှမ်း၊မြေပဲနဲ့ ဆီထွက်သီးနှံတွေကို ဇူလိုင် ၁၄ ရက်နေ့ကစပြီး နယ်စပ်ကနေ တင်ပို့မယ်ဆိုရင် ကြိုတင် ငွေလွှဲစနစ် (TT) အထောက်အထားနဲ့ ပို့ကုန်လိုင်စင် ပူးတွဲပြီး လျှောက်ထားမှသာ တင်ပို့ခွင့်ပြုမယ်လို့ ညွှန်ကြားထားတာပါ။


အရင်က နယ်စပ် ကုန်သွယ်ရေးဇုန်တွေကနေ ပြည်ပတင်ပို့မယ့် ကုန်ပစ္စည်းတွေကို ကျပ်နဲ့ဘတ်၊ ယွမ်နဲ့ ကျပ်ကိုသာ ပေးချေခွင့်ပြုခဲ့ပေမယ့် ဇူလိုင် ၁ ရက်နေ့ကစပြီး ဒေါ်လာနဲ့ တန်ဖိုးသတ်မှတ် ရောင်းချခိုင်းလာတာ ဖြစ်ပါတယ်။


ပြည်ပတင်ပို့ပြီးရင်လည်း ပို့ကုန်ရငွေ ဘဏ်စလစ် ပြနိုင်မှသာ နောက်တစ်ကြိမ် တင်ပို့ခွင့် ပြုမယ်လို့ ညွှန်ကြားထားတာကြောင့် အချိန်နဲ့တပြေးညီ ကုန်ပစ္စည်းတင်ပို့ဖို့အတွက် ကြန့်ကြာမှုတွေ ဖြစ်ပေါ်လာလို နယ်စပ်ကုန်ပစ္စည်း တင်ပို့မှု ကျဆင်းလာနိုင်တယ်လို့ ကုန်သည်တွေက ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.