ညောင်လေးပင် ၊ ဇူလိုင် (၁၆)

 
အာဏာသိမ်း စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်းကာလတွေမှာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တဲ့ လုပ်ရပ်တွေ ပိုမိုကျူးလွန်လာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။  


ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ ၃၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ နဲ့ သထုံခရိုင် တပ်မဟာ ၁ ဒေသတွေဘက်မှာ စစ်ကောင်စီတပ်ဟာ ကျေးရွာတွေအပေါ် လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ကျေးရွာတွေကို မီးရှို့တာ၊ ထွက်ပြေးတိမ်းရှောင်နေတဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်းနဲ့တိုက်ခိုက်တာ၊ ဒေသခံတွေကို ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာတွေ ဆက်တိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

 
စစ်ကောင်စီက အရပ်သားပြည်သူတွေကို အခုလို ပစ်မှတ်ထား တိုက်ခိုက်တာဟာ လုံးဝ လက်ခံလို့ မရသလို  ဆက်လက် ရင်ဆိုင်သွားမယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောပါတယ်။  


“ လူမဆန်တဲ့ အပြုအမှုတွေကနေ ရိုင်းစိုင်းတဲ့ အပြုအမှုတွေ ၊ လုံးဝလက်ခံလို့ မရတဲ့လုပ်ရပ်တွေ ပိုပြီး ပြင်းထန်လာတယ်၊ များလာတယ်ဆိုတာကို ပြောလို့ရတယ်။ ဘာပဲဖြစ်ဖြစ် တော်လှန်ရေးလုပ်နေတာဖြစ်လို့ မထင်မှတ်ထားတာ ၊ မမျှော်လင့်ထားတာတွေ ကြုံရနိုင်တယ်။ ဒီအပေါ်မှာ နဝေတိမ်တောင် ဖြစ်စရာမရှိဘဲ ဆက်လက် ရင်ဆိုင်သွားမှာပါ” လို့ ဆိုပါတယ်။

 


ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေဖြစ်တဲ့ ကျောက်ကြီးနဲ့ မုန်းမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ဇွန်လ(၂၅) ရက်နေ့ကစပြီး ဒီကနေ့အချိန်ထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရပ်သား(၁၅) ဦးခန့် သေဆုံးသွားခဲ့ပြီး ကလေးငယ်အပါအဝင် အနည်းဆုံး(၉)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားကာ လူငယ်(၃၀)နီးပါး ဖမ်းဆီးနှိပ်စက်ခံနေရတာ ဖြစ်ပါတယ်။

 
စစ်ကောင်စီတပ်ဟာ အခုလို အမှားတွေကို ထပ်ခါတလဲလဲ ကျူးလွန်နေတာတွေ့ရပြီး သူတို့ရဲ့ လုပ်ဆောင်ပုံတွေကြောင့် ကောင်းမွန်တဲ့ပုံရိပ်တွေ မတွေ့ရဘဲ ဒီထက်ပိုပြီး ဆိုးဝါးတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ ပဒိုစောတောနီးက ဆိုပါတယ်။


“ လမ်းဆုံးကို ရောက်မယ့်ဟာကိုပဲ တစ်နေ့ထက်တစ်နေ့ ပိုပြီးတိုးလာတာကိုပဲ တွေ့ရလာတယ်။ သူရဲ့အနေအထား လက်ခံနိုင်တဲ့အနေအထားက ပိုပြီးဝေးကွာလာတာကို တွေ့ရတယ်။ လမ်းဆုံးကိုပဲ ရောက်တော့မယ် ၊ ဒီလမ်းဆုံက ကျွန်တော်တို့အတွက် ပိုပြီး ကောင်းမယ့် အနေအထား ဖြစ်တယ်ဆိုတာကို တွေ့ရတယ်” လို့ ဆိုပါတယ်။


စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကြောင့် ကေအဲန်ယူအုပ်ချုပ်နယ်မြေတွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၂ သိန်း ကျော်ထိ ရှိလာပြီး လတ်တလောမှာတော့ စစ်ရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာအခက်အခဲနဲ့ ကျန်းမာရေးပြသနာတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ဆိုကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.