မော်လမြိုင် ၊ ဇူလိုင် (၁၆)


စစ်ကောင်စီဗဟိုဘဏ်က ပြည်တွင်း နေထိုင်သူတွေအနေနဲ့ ပြည်ပကနေ ချေးယူထားတဲ့ ချေးငွေတွေရဲ့ အတိုးနဲ့အရင်း ပြန်လည် ပေးဆပ်မှုကို ဆိုင်းငံ့ထားဖို့ ညွှန်ကြားလာတာကြောင့် စီးပွားရေးလုပ်ငန်းတွေကို နာမည်ပျက်စာရင်း တင်သွင်းခံရနိုင်တယ်လို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။


စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်ဟာ ပြည်ပကနေ ငွေသားနဲ့ ဖြစ်စေ၊ ပစ္စည်းနဲ့ ဖြစ်စေ ရယူထားတဲ့ ချေးငွေ တွေကို အတိုးရော အရင်းပါ လတ်တလော ကာလအတွင်း ပြန်မဆပ်ဖို့အတွက် AD လိုင်စင်ရဘဏ်တွေကို ချေးငွေရယူသူနဲ့ ပြည်ပ ချေးငှားသူအကြား ညှိနှိုင်းဆောင်ရွက်ကြဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့မှာ ညွှန်ကြားလာတာပါ။


ပြည်ပက ရယူထားတဲ့ ချေးငွေတွေကို သတ်မှတ်ထားတဲ့အချိန်မှာ ပြန်မဆပ်ရင် ကုမ္ပဏီဘက်က နာမည်ပျက် စာရင်း တင်သွင်းလာနိုင်သလို ယုံကြည်မှု ဆုံးရှုံးပြီး နောက်ထပ် ချေးငွေ အသစ်တွေလည်း ရယူလို့ ရတော့မှာ မဟုတ်ဘူးလို့ စီးပွားရေး လေ့လာ သုံးသပ်သူ တစ်ဦးက ပြောပါတယ်။


“ အဓိကက ချေးငွေတို့ ဘာတို့ ဆိုတာက ယုံကြည်မှုနဲ့ လုပ်တာလေ၊ ဘဏ်တွေကလည်း လုပ်ငန်း တစ်ခုကို ချေးတယ်ဆိုရင် အဲ့ဒီလုပ်ငန်းရဲ့ Background အဲ့ဒီလုပ်ငန်းရဲ့ အခြေအနေ သူတို့ စိစစ်တဲ့ စံနှုန်းတွေ ရှိတယ်လေ၊ အဲ့တာတွေ အားလုံး ကြိုက်လို့ ချေးတာပေါ့ဗျာ၊ အဲ့ဒီ အပေါ်မှာ ဘဏ်က ကျွန်တော်တို့ ပြန်ဆပ်ချိန်မှာ အချိန်စေ့လို့ ပြန်မဆပ်ဘူး ဆိုလို့ရှိရင် အတိုးသွင်းရတဲ့ အချိန်မှာ မသွင်းဘူး ဆိုလို့ရှိရင် သတိပေးမယ်၊ အဲ့ဒီထပ်ကို အဆင့်ဆင့် ရှိတာပေါ့ဗျာ၊ အဲ့ဒီ အဆင့်တွေ ကျော်လာခဲ့လို့ ရှိရင် နောက်ဆုံး ဒီကုမ္ပဏီကတော့ နာမည်ပျက် တင်ခွင့် ရှိတာပေါ့၊ နောက်တစ်ခုက အခုက ယုံကြည်မှု ဆုံးရှုံးသွားတဲ့ ဘက်က ပိုဆိုးမှာပေါ့၊ ဘာဖြစ်လို့လည်း ဆိုတော့ နောက်ထပ် ချေးခွင့်ရဖို့ ဟာတွေက ချေးဖို့ တင်ထားပြီးတဲ့ ဟာတွေလည်း ရှိမှာပေါ့ဗျာ၊ Project အခြေအနေ ကြည်ပြီးတော့ အဲ့တာတွေ အကုန်လုံးက ဒီအတိုင်း ဆိုလိုရှိရင် အသစ်ထပ်ရဖို့ မရှိတော့ဘူး၊ အဲ့ဒါမျိုးက ပိုပြီးတော့ နစ်နာမှု ပိုများမှာပေါ့”လို့ ဆိုပါတယ်။


စစ်ကောင်စီက ပြည်ပ ချေးငွေတွေကို ပြန်လည်ပေးဆပ်ကာလ ဆိုင်းငံ့ ခိုင်းတာဟာ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်မှာ ပြည်တွင်း နိုင်ငံခြားငွေ လက်ကျန် နည်းလာတာကြောင့် နိုင်ငံခြားငွေကို ထိန်းချုပ်ဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။

 
အခုလို ပြည်ပချေးငွေတွေ ပြန်ဆပ်ဖို့ ဆိုင်းငံ့ခိုင်းတာကြောင့် ရေရှည်မှာ ချေးငွေ ရယူထားတဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ အတိုးပေါ် အတိုးဆင့် လာနိုင်ပြီး ချေးငွေ ပေးဆပ်ရမှု ပိုများ လာနိုင်တယ်လို့ စီးပွားရေးလေ့လာ သုံးသပ်သူတွေက ဆိုကြပါတယ်။


တဖက်မှာတော့ စစ်ကောင်စီဟာ နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် ပို့ကုန်လုပ်ငန်းတွေကို ဒေါ်လာ တန်းဖို သတ်မှတ်ပြီး ကုန်သွယ်ခိုင်းနေသလို ကုန်သွယ်မှု ရငွေကိုလည်း ဘဏ်စလစ်ပြနိုင်မှ နောက်တစ်ကြိမ် ကုန်သွယ်ခွင့်ပြုမယ်လို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.