သရက်ချောင်း ၊  ဇူလိုင်(၁၅)

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ကျောက်လှေကားကျေးရွာတိုက်ပွဲမှာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော် ၅ ဦး ကျဆုံးခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ကျောက်လှေကားကျေးရွာအနီး လုံခြုံရေးယူထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ စစ်ကောင်စီတပ်က အင်အားအလုံးအရင်း အသုံးပြုပြီး လက်နက်ကြီး ပစ်ခတ် ထိုးစစ်ဆင်တာကြောင့် နှစ်ဖက် ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီ လက်နက်ကြီးထိမှန်တာကြောင့်  ထားဝယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(DDF)က ဒုတပ်ခွဲမှူး ကိုကောင်ကြီး၊ တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် ကိုနောင်ကြီး၊ ကိုကျားလေး၊ ကိုအောင်လေး၊ ကိုဖိုးထောင်တို့ ၄ ဦး ကျဆုံးခဲ့တာပါ။

ကျဆုံးသွားတဲ့ PDF ရဲဘော်တွေဟာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို ကာပစ်ရာကနေ လက်နက်ကြီး ထိမှန် ကျဆုံးခဲ့တာ ဖြစ်တယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနှစ်ဖက် တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကိုတော့ ထားဝယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ DDF ၊ ဒေါင်းမင်းစစ်ဆင်ရေး၊ တောင်ပိုင်းကာကွယ်ရေးတပ်ဖွဲ့နဲ့ ထားဝယ်နဂါးပူးပေါင်းအဖွဲ့ ခုခံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်းအတွင်း ဒေသပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေ ရှိနိုင်မယ့်နေရာတွေကို စစ်ကြောင်းထိုးတာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက် လုပ်ဆောင်နေတဲ့အတွက် နှစ်ဖက် စစ်ရေး တင်းမာနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.