ဖယ်ခုံ ၊ ဇူလိုင်(၁၅)
ရှမ်းနဲ့ ကယားနယ်စပ် ဖယ်ခုံမြို့ ဆောင်းနန်းခဲကျေးရွာနားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင်လ(၁၃) ရက်နေ့က သွားရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား(၅)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖယ်ခုံအင်းအရှေ့ဘက်ကမ်း ဆောင်နန်းခဲနဲ့ တောင်ပို့ကွဲ ရွာ နားက စစ်ကောင်စီတပ်စခန်းကို ဇူလိုင်လ(၁၃) ရက်နေ့ နေ့လည်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကဝင်ရောက်တိုက်ခိုက် ခဲ့တာပါ။
တိုက်ပွဲဟာ (၁) နာရီလောက်ကြာခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူတွေရှိခဲ့တယ် လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ မေလက စပြီး ဆောင်နန်းခဲကျေးရွာကို စစ်ကောင်စီက စစ်ကြောင်းထိုးကာ ဒေသခံတွေ ရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူပိုင် နေအိမ်တွေကိုဖောက်ထွင်းခိုးယူတာတွေ လုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဆောင်နန်းခဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ မကြာခဏထိတွေ့တိုက်ပွဲတွေဖြစ်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်