မော်လမြိုင် ၊ ဇူလိုင် (၁၃)

 
မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း အခြေခံလူတန်းစားပြည်သူတွေဟာ မိသားစု စားဝတ်နေး အကျပ်အတည်းကို အကြီးအကျယ် ရင်ဆိုင်နေရပြီး ထမင်းနပ်မှန်ဖို့ပင် အနိုင်နိုင်ဖြစ်လာတယ်လို့ အခြေခံလူတန်းစား ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။  


အခြေခံလူတန်းစား ပြည်သူတွေက စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ အလုပ်အကိုင် ရှားပါးလာတာနဲ့ စစ်ကောင်စီက တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် မိသားစု စားဝတ်နေရေး အကျပ်အတည်းကို အကြီးအကျယ် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။


မိသားစုစားဝတ်ရေး ပြဿနာကြောင့် မရှိ ရှိတဲ့အလုပ်တွေကို ကြုံရာကျဘမ်း လုပ်ကိုင် စားသောက်နေရပေမယ့် အလုပ်မမှန်တာနဲ့ ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာတာကြောင့် ထမင်းစားဖို့တောင် အနိုင်နိုင် ဖြစ်နေရတယ်လို့ တစ်နေ့လုပ် တစ်နေစား ပြည်သူ တစ်ဦးက ပြောပါတယ်။


“ အခက်အခဲကတော့ ဒီလိုပဲပေါ့၊ လုပ်လိုက် စားလိုက် လုပ်လိုက် စားလိုက်ပဲပေါ့၊ အလုပ်ကလည်း မရှိတချက် ရှိတချက်၊ အခါတိုင်း ဆိုလိုရှိရင် လုပ်စာ တစ်ခုထဲနဲ့တောင် စားပြီး သောက်ပြီးတဲ့ အပြင်ကို စုလို့ရတယ်၊ အခုဆိုရင် ပိုက်ဆံကတော့ မလောက်ဘူးပေါ့၊ ဒီလိုပဲ ချေးဌားပြီး စားလိုက် အလုပ်လေး ရရင်ဆက်လိုက် အဲ့လိုမျိုးနဲ့ လည်နေတာပေါ့၊ ထမင်းတောင် စားလို့မနိုင်ဘူး၊ ဒီလိုပဲ အလုပ်က မမှန်တာ ကုန်ဈေးနှုန်းတွေက ကြီးတော့ ထမင်းစားဖို့တောင် အနိုင်နိုင် ဖြစ်နေတယ် အဲ့လောက်ထိ ဖြစ်သွားပြီး”လို့ ဆိုပါတယ်။

 
အခြေခံလူတန်းစားပြည်သူတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ ဆန်အပါအဝင် အခြေခံစားသောက်ကုန်တွေ  ဈေးနှုန်း အဆမတန် မြင့်တက်လာတာကြောင့် ချွေတာ စားသောက်နေရတဲ့အတွက် အာဟာရ မပြည့်ဝလို့ ကျန်းမာရေးပြဿနာတွေကိုပါ ထပ်မံ ခံစားလာရပါတယ်။

ဒါ့အပြင် မိသားစုဝမ်းရေးအတွက် ကြုံရာကျဘမ်း လုပ်ကိုင်စားသောက်ရာမှာလည်း လုပ်အားခတွေ လျော့ချခံနေရတာကြောင့် ဝင်ငွေနဲ့ ထွက်ငွေ မမျှတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပြီး ချေးငှား စားသောက်လာရသလို တချို့မိသားစုဝင်တွေဆိုရင် တစ်နေ့ ထမင်းတစ်နပ်စားရဖို့ပင် အနိုင်နိုင် ကြိုးပမ်းနေရပါတယ်။


လက်ရှိမှာတော့ အခြေခံပြည်သူတွေဟာ မိသားစု စားဝတ်ရေး အကျပ်အတည်းကြောင့် တရားမဝင် ဥပဒေ ပြင်ပက လုပ်ရပ်တွေကိုပါ ကျူးလွန်ပြီး လုပ်ကိုင် စားသောက်လာကြ တယ်လို့  အခြေခံလူတန်းစားပြည်သူအရေး ကူညီနေသူ တစ်ဦးက ပြောပါတယ်။

 
“ တချို့တွေ ဆိုရင် မိသားစုက (၃) (၄)ယောက်ရှိတယ်၊ အလုပ်လုပ်တဲ့ သူက တစ်ယောက်ပဲ ရှိတယ်၊ တစ်ယောက်ပဲ ရှိတော့ စားဝတ်နေရေးက ဘယ်လိုမှ အဆင်မပြေ ကြဘူး သူတို့တွေ၊ တော်တော်လေးကို ကြပ်တည်းသွားပြီး၊ လူတွေက အကုန်လုံးက ပွင့်ပွင့် လင်းလင်း ပြောရင် အလုပ်မရှိဘူး၊ စားဝတ်နေရေး အခက်အခဲ ဖြစ်တယ်၊ ဖြစ်တော့ မရ ရရာ လိုက်လုပ်နေတယ်၊ အခုဆိုလည်း ဒီလိုပဲ ခိုးတဲ့လူလည်းခိုး မဟုတ်က ဟုတ်က လုပ်တဲ့ သူတွေတောင်မှ လုပ်နေကုန်ပြီး အခုက၊ မြင်းဆေးတွေ ဘာတွေ မရောင်းဘူးတဲ့ သူတွေပါ စားဝတ်နေရေး အတွက် လိုက်လုပ်နေကြတာတွေ ရှိနေတယ်၊ ကျွန်တော်တို့ တွေ့လည်း တွေ့နေတယ် မြင်လည်း မြင်နေတယ်”လို့  ဆိုပါတယ်။

 
တဖက်မှာတော့ အခြေခံပြည်လူတန်းစားပြည်သူတွေဟာ ပြည်တွင်းမှာ အလုပ်အကိုင် မရှိတာတာအပြင် စားဝတ်နေရေး အခက်အခဲတွေကြောင့် ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းတွေက တဆင့် သွားရောက် အလုပ်လုပ်ကိုင်တာတွေ ရှိလာသလို နေ့စဉ်နဲ့အမျှ ဖမ်းဆီးခံနေရပါတယ်။

 
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ အဆိုအရ စစ်ကောင်စီက အာဏာသိမ်း ထားတာကြောင့် အခုနှစ် အတွင်း မြန်မာ နိုင်ငံရဲ့ ပြည်သူ (၂)သန်းကျော်ဟာ ငတ်မွတ်ခေါင်းပါးမှု ဘေးအန္တရာယ်နဲ့ ထပ်မံ ရင်ဆိုင် ရဖို့ ရှိနေတယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.