မော်လမြိုင် – ဇူလိုင်(၁၄) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံယာယီသမ္မတဒူဝါလရှီးလနဲ့ မွန်ဂိုလီးယားသမ္မတဟောင်း H.E. Tsakhiagiin Elbegdorj တို့ အွန်လိုင်းကနေတွေ့ဆုံခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံးက ဇူလိုင်လ(၁၃) ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ တွေ့ဆုံပွဲမှာ မွန်ဂိုလီးယားသမ္မတဟောင်း Elbegdorj က လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာနိုင်ငံသားတွေအတွက် စဉ်ဆက်မပြတ် ထောက်ခံအားပေးနေ မှာဖြစ်တယ်လို့ ယာယီသမ္မတကို ပြောဆိုခဲ့ပါတယ်။ မွန်ဂိုလီးယားနိုင်ငံ သမ္မတဟောင်းဟာ ကမ္ဘာတစ်ဝှမ်းက ဒီမိုကရေစီနဲ့လူ့အခွင့်အရေး မြှင့်တင်ဖို့ Club de Madrid International Democrat Union အဖွဲ့အစည်းမှာ တခြားနိုင်ငံခေါင်းဆောင်ဟောင်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေသူဖြစ်တယ်လို့ သိရပါတယ်။ ယာယီသမ္မတ ဒူဝါလရှီးလက တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို ရှင်းလင်းတင်ပြ ပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ဖို့ ပြည်သူတွေရဲ့ ကြိုးပမ်းမှုတွေကို မျှဝေခဲ့သလို ပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရရှိနိုင်ရေး ထောက်ခံအားပေးမှုအတွက်လည်း ကျေးဇူးတင်ကြောင်းပြောဆိုခဲ့ပါတယ်။ သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.