ကျောက်ကြီး  ၊  ဇူလိုင်(၁၄)

နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူလူထုအတွက် လုံခြုံတဲ့ ကြားခံနယ်မြေ တည်ဆောက်ရေးနဲ့ လေယာဉ်မပျံသန်းရ နယ်မြေတွေ ပေါ်ထွက်လာရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအပြင် ခုခံတော်လှန်သူတွေနဲ့ ပူးတွဲပြီး ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့ ကေအဲန်ယူ-ကျောက်ကြီး မြို့နယ်က ထုတ်ပြန်ပါတယ်။

ကေအဲန်ယူ-ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေကျူးကျော်ဝင်ရောက်ပြီး စစ်ရေးလုပ်ဆောင်နေတဲ့ အတွက်ကြောင့် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၃

 နဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေအတွင်း အရပ်သားပြည်သူတွေရဲ့ ကျေးရွာ၊ နေအိမ်တွေအပေါ်ကို လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်လျက်ရှိနေပြီး တိုင်းပြည်ရဲ့ တနံတလျား နယ်မြေ အဝန်းအဝိုင်းအားလုံးကို ရက်စက်မှု၊ သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတို့ဖြင့် နိုင်ငံအဆင့်အကြမ်းဖက်ပေါ်လစီကို ချမှတ်ကာ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို နိုင်ငံအဆင့်အကြမ်းဖက်လုပ်ရပ်ကို နိုင်ငံရဲ့စနစ်တစ်ရပ်အဖြစ် ပြဌာန်းကျင့်သုံးနေတဲ့ စစ်ကောင်စီကို မိမိတို့က လက်နက်ကိုင်ခုခံနေတဲ့နည်းတူ တိုင်းသူပြည်သားတွေကလည်း အချင်းချင်းရိုင်းပင်လက်တွဲကြပြီး စည်းလုံးညီညွတ်စွာနဲ့ ရပ်တည်တုံ့ပြန်ကြဖို့ ကေအဲန်ယူ ကျောက်ကြီးမြို့နယ်က တိုက်တွန်းထားပါသေးတယ်။

စစ်ကောင်စီတပ်ရဲ့လုပ်ရပ်တွေကြောင့် ရပ်ရွာအိုးအိမ်တွေပစ်ခွာထွက်ပြေးတိမ်းရှောင်ရတာ၊ ကလေးငယ်တွေ စာသင်ယူနိုင်မှု အခွင့်အရေးပျက်ကွက်နေရတာ၊ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ပျက်စီးတာ၊ အဓမ္မခိုင်းစေတာ၊ ငွေကောက်ယူတာ၊ ပုဂ္ဂလိကပိုင်ပစ္စည်းတွေသိမ်းယူ တာနဲ့ လူ့အခွင့်အရေးဆုံးရှုံးတာတွေ ဖြစ်ပွားလျက်ရှိတယ်လို့ ကေအဲန်ယူ-ကျောက်ကြီးမြို့နယ် က ဆိုပါတယ်။

ဒါကြောင့် ပြည်သူလူထုအတွက် လုံခြုံတဲ့ ကြားခံနယ်မြေ တည်ဆောက်ရေးနဲ့ လေယာဉ်မပျံသန်းရ နယ်မြေတွေ ပေါ်ထွက်လာရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအပြင် ခုခံတော်လှန်သူတွေနဲ့ ပူးတွဲပြီး စစ်ကောင်စီနဲ့အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခြင်းဖြင့် ပြည်သူတွေလုံခြုံမှုရှိဖို့ ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်က ထုတ်ပြန်ထားတာပါ။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်တာ၊ အရပ်သားတွေကို ဖမ်းဆီးပြီးသတ်ဖြတ်တာတွေကြောင့် ညောင်လေးပင်ခရိုင်ထဲမှာ သတ်ဖြတ်ခံရတဲ့ ရွာသားဦးရေဟာ (၁၀)ဦးကျော်အထိ ရှိလာပြီလို့ ကေအဲန်ယူက ဆိုပါတယ်။

လတ်တလောမှာ စစ်ကောင်စီရဲ့စစ်ရေးလှုပ်ရှားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် မိုးရာသီကာလဖြစ်လို့ တောတောင်ထဲမှာ နေရာထိုင်ခင်း ကျဉ်းကြပ်ပြီး ခြင်ထောင်ထောင်ဖို့အတွက် နေရာမရှိတာ၊ ဝတ်စရာအလုံအလောက်မရှိတာ ကြောင့် အဝတ်စိုတွေနဲ့သာ ဝတ်ကြရပြီး ချောင်းဆိုးရင်ကြပ်၊ ရာသီတုပ်ကွေး၊ ငှက်ဖျား ရောဂါတွေ ခံစားရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.