ထားဝယ် ၊ ဇူလိုင်(၁၄)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ်ရပ်ကွက်မှာ လူငယ်တစ်ဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ ညပိုင်းက သေဆုံးသွားတဲ့ အသက် ၂၂ နှစ်အရွယ် ကိုပိုင်ပိုင်တို့ လူငယ်တစ်စုဟာသူငယ်ချင်းနေအိမ်မှာ ရှိနေစဉ် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးခဲ့တာပါ။
ဝင်ရောက်စီးနင်းပြီး သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတာကြောင့် ကိုပိုင်ပိုင်မှာ လည်ပင်းနဲ့ ဝမ်းဗိုက်တွေမှာ ကျည်ထိမှန် ဒဏ်ရာရရှိပြီးနောက် စစ်ကောင်စီတပ်က ဖမ်းဆီးဆောင်သွားတာ ဖြစ်ပြီး ကျန်လူငယ်တွေကတော့ ထွက်ပြေးလွတ်မြောက်သွားတာ ဖြစ်ပါတယ်။
အဲဒီနောက်မှာ သေဆုံးသူရဲ့ ရုပ်အလောင်းကို ထားဝယ်ဆေးရုံမှာ လာရောက် ထုတ်ယူဖို့ မိသားစုထံ အကြောင်းကြား လာခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ကိုပိုင်ပိုင်တို့ လူငယ်တစ်စုကို ဝင်ရောက်စီးနင်း ပစ်ခတ်ဖမ်းဆီးပြီးနောက် နေအိမ်အရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ် ၃ စီးကိုပါ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ၁၇၀ ကျော် သေဆုံးထားတယ်လို့ Southern Monitor အဖွဲ့က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်