ကော့ကရိတ် ၊ ဇူလိုင် (၁၀)

 
နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင်မှာ အာဏာသိမ်း စစ်ကောင်စီတပ်က တပ်အင်အားတိုးချဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ဖို့ ကြိုးပမ်းလာတယ်လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။


အာဏာသိမ်း စစ်ကောင်စီ တပ်မ(၄၄) လက်အောက်ခံတပ် တပ်ရင်းတွေ ဖြစ်တဲ့ ခမရ(၂၀၇) ခလရ (၈) ၊ ခမရ(၂၀၄) ခမရ(၉)၊ ခမရ(၁၀၂) တပ်ရင်းတွေ အပါအဝင် ဗိုလ်မုတ်သုန်ဦးစီးတဲ့ BGF ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ကစပြီး မြဝတီ-ဝေါ်လေ ကားလမ်းတစ်လျှောက် စစ်ကြောင်း ချီတက်လာတာ ဖြစ်ပါတယ်။


စစ်ကောင်စီတပ်က တပ်အင်အားတိုးချဲ့ပြီး စစ်ကြောင်းချီတက်လာတာကြောင့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီး တစ်ဦး အပါအဝင် အလောင်း ၅ လောင်း တွေရှိခဲ့သလို လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

 
စစ်ကောင်စီတပ်က အခုလို မြဝတီ-ဝေါ်လေ ကားလမ်းတစ်လျှောက် စစ်ကြောင်း ချီတက်လာတာဟာ နယ်မြေရှင်းလင်းရေးလုပ်ဖို့ ရည်ရွယ်တာ ဖြစ်နိုင်တယ်လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


ဒီလို စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ တပ်အင်အားတိုးချဲ့လာတာကြောင့် မြဝတီ-ဝေါ်လေ ကားလမ်းတစ်လျှောက်မှာ နှစ်ဖက်တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တယ်လို့ သူက ဆိုပါတယ်။


စစ်ကောင်စီတပ်ဟာ လေးကေကော်ဒေသရှိ ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားတဲ့ တောင်ကုန်းတွေပေါ်ကို အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ထိခိုက်မှုတစ်စုံတစ်ရာ မရှိဘူးလို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.