မော်လမြိုင် ၊ ဇူလိုင် (၁၂)


အာဏာသိမ်း စစ်ကောင်စီကို အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ CDM ဝန်ထမ်းတွေဟာ  လူမှုအသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်မှုတွေကို ကြုံတွေ့ခံစားနေရတယ်လို့ CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။


ပြီးခဲ့တဲ့နှစ် အာဏာသိမ်းကာလအစမှာ သောင်းချီတဲ့လူထုတွေက အစိုးရဝန်ထမ်းတွေကို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တာရား မလည်ပတ်စေနိုင်ဖို့ ‘ရုံးမတက်နဲ့ ရုန်းထွက်’ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒတွေ ထုတ်ဖော်ခဲ့ကြတာပါ။


စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတဲ့ ဝန်ထမ်းအများစုဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်လာတာ အခုဆိုရင် တစ်နှစ်ကျော်ကာလအတွင်းကို ရောက်ရှိလာပြီး ဖြစ်ပါတယ်။

 
စစ်ကောင်စီက CDM ပြုလုပ်သူတွေကို ဝန်ထမ်းအိမ်ရာတွေကနေ ဖယ်ခိုင်းတာ၊ အမျိုးမျိုး ခြိမ်းခြောက်တာ၊ ဖိနှိပ်တာ၊ မတရား ဖမ်းဆီးတာတွေ ရှိနေပြီး စိတ်မလုံခြုံမှုတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေရတာတွေလည်း ရှိနေပါတယ်။


အခုလို အခြေအနေတွေကြောင့် မိသားစု စားဝတ်နေရေးဖြေရှင်းဖို့ အခက်အခဲ ရှိလာသလို ပြည်သူတွေရဲ့ အကူအညီတွေကိုလည်း မရတော့တဲ့အပြင် ဝိုင်းဝန်း ဖယ်ကျဉ်မှုကိုပါ ခံစားနေရတယ်လို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။


“နေ့တွက်တွေ နေ့စားတွေ လုပ်ရင်တောင်မှ အလုပ်က ရှားတယ်။ပတ်ဝန်းကျင်မှာကျတော့ ပြောတုန်းက သူတို့ကပဲ ရုန်းထွက်ခိုင်းတာလေနော်။ဒါပေမယ့် တကယ့်တကယ် လက်တွေ့မှာကျတော့ ကိုယ့်မိသားစုအရေးလောက် ဘာတစ်ခုမှ အရေးမပါတော့တဲ့အခါကျတော့ နေရာမရတော့ဘူး။ ကိုယ့်ခံယူချက်နဲ့ ကိုယ်တော့ ဒီဟာကို ကိုယ်ရွေးလိုက်တဲ့ လမ်းပဲ၊ ပြောင်းလဲဖို့လည်း ဆန္ဒမရှိဘူး။ဒါပေမယ့် ပံ့ပိုးပေးတာ ရှိလားဆိုတော့ မရှိဘူး” လို့ သူက ဆိုပါတယ်။

 
CDM ဝန်ထမ်းတွေကို စစ်ကောင်စီက နေအိမ်လိုင်းခန်းတွေကနေ နှင်ချတာ၊ အလုပ်ကနေ ထုတ်ပယ်လိုက်တာတွေကြောင့် ဝင်ငွေမရှိတာနဲ့ နေစရာမရှိတဲ့ ပြဿနာကို ရင်ဆိုင်နေရပြီး စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်နေရတာ ဖြစ်ပါတယ်။


CDM ကျောင်းအုပ်ဆရာမတစ်ဦးကတော့ အခက်အခဲတွေကြားမှာ ဝမ်းရေးဖြေရှင်းဖို့ ပြင်ပအလုပ်လျှောက်တဲ့အခါ ခွဲခြားဆက်ဆံခံနေရသလို ပတ်ဝန်းကျင်ရဲ့ ဖယ်ကျဉ်မှုတွေကိုလည်း ခံနေရတယ်လို့ ဆိုပါတယ်။


“အဓိက စားဝတ်နေရေးအခက်အခဲရယ်၊ နောက်တစ်ခါ အလုပ်တွေသွားပြီး လုပ်တဲ့အခါကျရင် မှတ်ပုံတင်မှာကတည်းက ပညာရေးဝန်ထမ်းပါတဲ့အခါကျတော့ CV ဖောင်ဖြည့်တဲ့အခါ အများကြီးပဲ အခက်အခဲ ဖြစ်ပါတယ်။ပညာရေးဝန်ထမ်းဆိုရင် ဘာလုပ်တာလဲပေါ့၊ ကျွန်မတို့လည်း မျိုးစုံလှည့်ပတ်ပြီး ပြောပေမယ့် မခန့်ကြဘူး။နောက်တစ်ခါ ပတ်ဝန်းကျင်မှာ သွားလာလှုပ်ရှားတဲ့အခါမှာလည်းပဲ သူတို့က CDM တွေ သူတို့က ပညာရေးကို အနှောင့်အယှက်ဖြစ်အောင် လုပ်ပေးမယ့်သူတွေဆိုပြီး စကစဖွင့်တဲ့ ပညာရေးကို ထောက်ခံတဲ့ မိဘအများအစုရဲ့ ဖယ်ကျဉ်ခြင်းကိုလည်း ခံရတယ်”လို့ သူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

 
ဒါ့အပြင် စားဝတ်နေရေးအတွက် ဈေးရောင်းရင်လည်း CDM ဖြစ်တဲ့အတွက် ခြိမ်းခြောက်ခံရတာတွေ ရှိနေသလို လူမှုအသိုင်းအဝိုင်းမှာလည်း Non CDM တွေရဲ့ ခွဲခြားဆက်ဆံမှုတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ သူက ပြောပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ CDM လှုပ်ရှားမှုမှာ ပါဝင်သူတွေကို ဖိအားပေးခြိမ်းခြောက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနက Non CDM ဝန်ထမ်းတွေကို သက်သေအပြည့်အစုံနဲ့ တရားစွဲ အရေးယူနိုင်ဖို့ ပညာရေးဝန်ကြီးဌာနကနေ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းမှုကို လက်မခံတာကြောင့် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ နိုင်ငံ့ဝန်ထမ်း သိန်းနဲ့ချီ ရှိနေတာ ဖြစ်ပြီး အဲဒီထဲမှာ ပညာရေးဝန်ထမ်းတွေ အများစု ပါဝင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.