မော်လမြိုင်  ၊ ဇူလိုင်(၁၀)

နိုင်ငံတဝန်းမှာ စစ်တပ်  အာဏာသိမ်းမှုကြောင့် အထည်ချုပ်အလုပ်သမား ၂၂၀၀၀၀  ကျော်  အလုပ်လက်မဲ့ ဖြစ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက ထုတ်ပြန်ပါတယ်။

အလုပ်လက်မဲ့ဖြစ်သွားတဲ့ အထည်ချုပ်အလုပ်သမားတွေရဲ့ ၈၅ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ပြီး အထည်ချုပ်လုပ်ငန်းဟာ သူတို့ မိသားစုဝင်တွေအတွက် အဓိက ဝင်ငွေရှာဖွေနေရတဲ့ တစ်ခုတည်းသော အလုပ်အကိုင် အရင်းအမြစ် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အဆိုးဝါးဆုံးအနေနဲ့ အလုပ်လက်မဲ့ ဖြစ်သွားရတဲ့ အထည်ချုပ် အလုပ်သမား အမျိုးသမီး တချို့ဟာ အလုပ်အကိုင် မရှိတော့တဲ့အတွက် ပြည့်တန်ဆာ ဖြစ်သွားရတယ်လို့ မြန်မာ နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက ဆိုထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် အလုပ်ထုတ်ခံလိုက်ရတဲ့ အထည်ချုပ် အလုပ်သမားတွေဟာ ဘာအကျိူးခံစားခွင့်မှ မရဘဲ နေအိမ် ပြန်ခဲ့ရသလို တချို့ အလုပ်သမားတွေဆိုရင် စစ်အာဏာရှင်ကို ဆန့်ကျင်လို့ဆိုပြီး အလုပ်ထုတ်ပယ်ခံခဲ့ရတာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM) တွဲဖက်အတွင်းရေးမှူး မအိအိဖြူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးကတော့ မြန်မာနိုင်ငံဟာ အလွန်အမင်း ဆင်းရဲမွဲတေမှုဆီ ကို မရောက်ရှိအောင် သင့်တင့်လျောက်ပတ်တဲ့ အသက်မွေးမှု အလုပ်အကိုင်နဲ့ မြင့်မားတဲ့ အလုပ် သမားစံချိန်စံနှုန်းတွေကို ထိန်းသိမ်းစောင့်ရှောက်ရမှာဖြစ်တယ်လို့ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အထည်ချုပ်စက်ရုံပေါင်း ၇၀၀ ကျော်ရှိနေတာ ဖြစ်ပြီး အဲဒီအထည်ချုပ် လုပ်ငန်းအပေါ် မှီခိုလုပ်ကိုင်နေတဲ့ အလုပ်သမား သိန်းနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.