မော်လမြိုင် ၊ ဇူလိုင်(၁၂)

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး  ပုဒ်မ ၁၃၀ (က)နဲ့ ထောင်ဒဏ် ၂ နှစ် ထပ်မံ အမိန့်ချမှတ်လိုက် တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းဝိုင်းက ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က)နဲ့ အမှုဖွင့်တရားစွဲထားတာပါ။

အဲဒီအမှုတွေအတွက် ဇူလိုင် ၁၁ ရက်နေ့က မော်လမြိုင်မြို့နယ်တရားရုံးမှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီ တရားသူကြီးက ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

အသက် ၆၈ နှစ်အရွယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စွဲဆိုထားတဲ့ အမှု ၁၁ အမှုအတွက် ထောင်ဒဏ် ၂၅ နှစ်ထိ အမိန့်ချမှတ်ခံ ထားရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့မှာ စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိမှု ၉ မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်ခဲ့ထားရသလို ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ထိ ချမှတ်ခဲ့ထားရပါတယ်။

လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို အာဏာသိမ်း စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.