မော်လမြိုင် ၊ ဇူလိုင် (၁၀)


မွန်ပြည်နယ်မှာ ရော်ဘာခြံတွေ ရပ်နားထားတာကြောင့် ရော်ဘာ ကုန်ကြမ်း မရှိသလောက် နည်းပါးလာတဲ့အတွက် ရော်ဘာ အရောင်းအဝယ် ရပ်နားထားတယ်လို့ ရော်ဘာ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

 
ပြည်နယ်အတွင်းက ရော်ဘာခြံတွေဟာ နှစ်စဉ် စက်တင်ဘာလကနေ မေလထိ အစေးခြစ်ကြတာ ဖြစ်ပေမယ့် မိုးတွင်းကာလဖြစ်တဲ့ ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ အစေးမခြစ်မဘဲ လုပ်ငန်း ရပ်နားထားကြတာ ဖြစ်ပါတယ်။


လက်ရှိမှာတော့ ရော်ဘာခြံတွေ အစေးမခြစ်ဘဲ လုပ်ငန်းရပ်နားထာတဲ့အတွက် သိုလှောင်ထားတဲ့ ရော်ဘာကုန်ကြမ်းတွေလည်း မရှိသလောက် နည်းပါးလာတာကြောင့် ပြီးခဲ့တဲ့ ဇွန်လ တတိယအပတ်ကစပြီး ရော်ဘာဈေးနှုန်း မဖွင့်တော့ဘဲ အရောင်းအဝယ် ရပ်နားထားတာပါ။

 
ရော်ဘာ အရောင်းအဝယ် ရပ်နားထားတာကြောင့် တရုတ်နဲ့ ထိုင်းနိုင်ငံက ဝယ်ယူမှု မရှိတော့သလို ကုမ္ပဏီတွေဘက်ကလည်း အဝယ် ရပ်နားထားကြတယ်လို့  ရော်ဘာလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။


အရောင်းအဝယ် ယာယီရပ်နားထားတဲ့ ရော်ဘာဈေးကွက်ကိုတော့ လာမယ့် စက်တင်ဘာလလောက်မှာသာ ဈေးကွက် ပြန်ဖွင့်နိုင်မယ်လို့ သူက ဆိုပါတယ်။

 
ဒါပေမယ့် ရော်ဘာစိုက်တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် သွင်းအားစု ဓာတ်မြေသြဇာ အပါအဝင် ဆက်စပ်ပစ္စည်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် အကျိုးအမြတ် နည်းတာတွေ ရှိသလို အရှုံးပေါ် သူတွေလည်း ရှိတယ်လို့ ခြံရှင်တွေက ပြောပါတယ်။


မွန်ပြည်နယ်ဟာ ရော်ဘာစိုက်ဧက ၅ သိန်းကျော် ရှိနေတဲ့ ပြည်နယ် တစ်ခု ဖြစ်ပြီး နှစ်စဉ် ရော်ဘာတန်ချိန် ၁ သိန်းကျော် ထွက်ရှိနေတာပါ။ ထွက်ရှိလာတဲ့ ရော်ဘာတွေကိုတော့ တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.