မော်လမြိုင် ၊ ဇူလိုင် (၁၂)


အာဏာသိမ်း စစ်ကောင်စီက အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားရဲ့ မော်လမြိုင်မြို့နယ် NLD အမတ် ဒေါ်နွယ်နွယ်အောင်ဟာ အမှုကနေ ကွင်းလုံးကျွတ် ပြန်လည် လွတ်မြောက်သွားတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။


NLD ပါတီ အမတ်ဒေါ်နွယ်နွယ်အောင်ကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့တွေက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၇ ရက်နေ့က မော်လမြိုင်ရှိ နေအိမ်မှာ လာရောက် ဖမ်းဆီးသွားတာပါ။

 
အဲဒီနောက်မှာတော့ ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ငွေကြေး ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ (က) နဲ့ အမှုဖွင့်တရားစွဲခဲ့တာပါ။


ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီဘက်က စွဲဆိုထားတဲ့ အမှုမှာ သက်သေအထောက်အထား တစ်စုံတစ်ရာ မပါရှိတဲ့အတွက် ဒီကနေ့ ဇူလိုင် ၁၁ ရက်နေ့မှာ မော်လမြိုင်မြို့နယ် တရားရုံးကနေ အပြစ်မရှိကြောင်း အမိန့််ချမှတ်လိုက်တာပါ။

 
ဒေါ်နွယ်နွယ်ဟာ စစ်ကောင်စီ စွဲဆိုထားတဲ့ အမှုအတွက် ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၈ လ နီးပါးအကြာ တရားရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

 
ဒေါ်နွယ်နွယ်အောင်ဟာ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ တစ်ဦးလည်း ဖြစ်သလို ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.