မော်လမြိုင် ၊ ဇူလိုင် (၁၂)

 
အာဏာသိမ်း စစ်ကောင်စီ တိုက်လေယာဉ် တစ်စီး ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်သွားပြီးနောက် ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ထိုင်းနယ်ခြားစောင့်တပ်က လုံခြုံရေး တိုးမြှင့်ပြီး ၂၄ နာရီ စောင့်ကြည့်နေတယ်လို့ ထိုင်းရောက် မြန်မာအသိုင်းအဝိုင်းက ပြောပါတယ်။

 
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ဥကရစ်ထစခန်း တိုက်ပွဲမှာ စစ်ကောင်စီ တိုက်လေယာဉ် တစ်စီး ထိုင်းလေပိုင်နက်ထဲ ဝင်ရောက်သွားတာပါ။

 
အဲဒီနောက်မှာ ထိုင်းနယ်ခြားစောင့်တပ်က ကီလိုမီတာ ၅၀၀ နီးပါး ရှည်လျားတဲ့ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်မှာ တပ်အင်အား တိုးချဲ့ပြီး လုံခြုံရေး တိုးမြှင့်ထားသလို ဝေဟင်မှာလည်း လေယာဉ် ၂ စီးနဲ့ ကင်းလှည့်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

 
လတ်တလောမှာတော့ ထိုင်းနယ်ခြားစောင့်တပ်ဟာ နယ်စပ်တစ်လျှောက်မှာ တပ်အင်အား ၅၀၀ ထက်မနည်း အသုံးပြုပြီး လက်နက်အပြည့်အစုံနဲ့ ကင်းလှည့်တာတွေ လုပ်ဆောင်နေတာပါ။


စစ်ကောင်စီတိုက်လေယာဉ် ဝင်ရောက်မှုဟာ အရေးတယူလုပ်ဆောင်စရာ မလိုဘူးလို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုပြီးနောက် ထိုင်းလွှတ်တော်မှာ မေးခွန်းခံခဲ့ရသလို အဲဒီနောက်မှာတော့ ထိုင်းနယ်ခြားစောင့်တပ်ဟာ နယ်စပ်တစ်လျှောက်မှာ လုံခြုံရေး တိုးချဲ့ပြီး စောင့်ကြည့်လာတာ ဖြစ်ပါတယ်။


ထိုင်းနယ်ခြားစောင့်တပ်က နယ်စပ်တလျှောက်မှာ လုံခြုံရေး တိုးမြှင့်ထားတာကြောင့် မြန်မာစစ်ရှောင်တွေဆီ အကူအညီပေးဖို့ အခက်ကြုံနေရတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.