ညောင်လေးပင် ၊ ဇူလိုင် (၁၀)

 
ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ထဲမှာ စစ်ကောင်စီတပ်က စစ်ရေးဝင်ရောက် လှုပ်ရှားပြီး ကန့်သတ်မှုတွေ လုပ်ဆောင်လာတာကြောင့် စစ်ရှောင်တွေထံ စားနှပ်ရိက္ခာနဲ့ ဆေးဝါးတွေ ကူညီပေးဖို့ အခက်ကြုံနေရတယ်လို့ ဒေသခံကရင်လူမှုရေးရာအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။  


ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ မုန်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇွန်လ (၂၆)ရက်နေ့ကစပြီး စစ်ကောင်စီတပ်က နယ်မြေကျူးကျော်ပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်ခဲ့တဲ့အတွက် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၃ တို့နဲ့ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

 
လတ်တလောမှာ ကေအဲန်ယူ-ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်အတွင်းမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူဦးရေဟာ (၁၃၀၀၀၀)ဝန်းကျင်အထိ ရှိလာပြီး အဲ့ဒီအထဲမှာ အမျိုးသမီး၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအများစုပါဝင်ကာ လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာပြသနာနဲ့ ကျန်းမာရေးဆိုင်ရာပြသနာတွေ ရင်ဆိုင်ကြုံတွေ့နေရတာပါ။  


စားနပ်ရိက္ခာနဲ့ ကျန်းမာရေးပြသနာ အခက်အခဲတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်တွေထံ သွားရောက်ကူညီပို့ဆောင်ပေးဖို့အတွက် စစ်ကောင်စီတပ်တွေက နေရာယူထားတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် သွားရောက်ပို့ဆောင်ဖို့ အခက်ကြုံနေရတယ်လို့ ညောင်လေးပင်ခရိုင် ဒေသခံ ကရင်အရပ်ဘက်လူမှုရေးရာအဖွဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။

 
“ ကျွန်တော်တို့ ဒေသမှာ ဆေးတွေ ၊ အစားအသောက်တွေ သူတို့ဆီ ပို့ပေးဖို့က လမ်းက အတော်လေး အခက်အခဲဖြစ်တယ်။ အရင်တုန်းကဆို ဆိုင်ကယ်နဲ့ သွားလို့ရတယ်။ အခုက စစ်ကောင်စီတပ်တွေက နေရာယူထားတော့ ပို့ပေးဖို့ အတော်လေး ခဲယဥ်းတယ်။ ကျွန်တော်တို့ဆီမှာ အစားအသောက်နဲ့ ဆေးဝါးတွေ ရှိပေမယ့် သူတို့ဆီပို့ပေးဖို့ ခက်တယ်” လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့ကလည်း ကေအဲန်ယူ-မုန်းမြို့နယ်အတွင်းရှိ တိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေအတွက် လိုက်ပါကူညီပေးလျက်ရှိတဲ့ ဒေသခံကရင်လူမှုရေးရာအဖွဲ့ဝင်တစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်နှက်ခဲ့တဲ့အတွက် အသက်သေဆုံးသွားခဲ့သလို ပါလာတဲ့ငွေကြေးတွေကိုလည်း လုယူသွားခဲ့တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။


ဒါ့အပြင် ကေအဲန်ယူ-ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်အတွင်းက ရွှေကျင်ချောင်း၊ ကတက်ချောင်းနဲ့ မဒမချောင်းအနီးမှာနေထိုင်တဲ့ ဒေသခံပြည်သူတွေရဲ့ ခရီးသွားလာမှုကိုလည်း စစ်ကောင်စီက ခက်ခဲအောင်ပြုလုပ်နေပြီး ရိက္ခာတင်ဆောင်တာနဲ့ ခရီးသွားလာရာမှာ ထောက်ခံစာနဲ့အသွားအလာပြုလုပ်ရမှာဖြစ်ကာ အမိန့်ဖောက်ဖျက်ကျူးလွန်တဲ့ ပြည်သူတွေကိုတွေ့ရှိပါက ပစ္စည်းတွေကိုသိမ်းဆည်းတာနဲ့ စစ်ရေးအရေအရေးယူသွားမယ်လို့ စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့ကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.