ရန်ကုန် ၊ ဇူလိုင်(၉)

အာဏာသိမ်း စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်ပြု လက်ခံမှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် NLD က ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ခဲ့တာကြောင့် ပြည်သူတစ်ရပ်လုံး ဆန့်ကျင်တော်လှန်နေတဲ့အချိန်မှာ ပြည်သူလူထုနဲ့ နိုင်ငံတကာကို လှည့်စားဖို့အတွက် နောက်ထပ် ရွေးကောက်ပွဲတစ်ခု ကျင်းပဖို့ ကြံစည် အားထုတ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ အဓမ္မအာဏာရယူမှုဟာ သူတို့ကိုယ်တိုင် ပြဌာန်းအတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွှတ်မှုမရှိတဲ့အပြင် နိုင်ငံတော်သမ္မတကသာ ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ တရားဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကိုလည်း ဖျက်သိမ်းခဲ့တယ်လို့ ဆိုထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီ ဖွဲ့စည်းလိုက်တဲ့ ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ တရား  ဝင်မှု မရှိသလို သူတို့ ဆောက်ရွက်သမျှ ဥပဒေ၊ နည်းဥပဒေနဲ့ ရွေးကောက်ပွဲအပါအဝင် လုပ်ငန်း စဉ်အားလုံးကို လုံးဝ အသိအမှတ်ပြု လက်ခံမှာ မဟုတ်ဘူးလို့ NLD ပါတီ က ထုတ်ပြန် ထားပါ တယ်။

ဒါကြောင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကသာ ပြည်သူ့ဆန္ဒနဲ့အညီ တရားဝင် တည်ရှိ နေဆဲ ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့အာဏာကိုအကြွင်းမဲ့ လက်ခံ ယုံကြည် ကိုင်ဆွဲထားပါတယ်လို့ NLD က ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လာမယ့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကို နိုင်ငံတဝန်းမှာ နေရပ်လပ်မကျန် ကျင်းပနိုင်ရေးအတွက် အခြေခံမဲစာရင်းနဲ့ လူဦးရေစာရင်း ပြုစုတဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်နေပြီလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတဝန်းရှိ မဲဆန္ဒနယ် အားလုံးရဲ့ ၈၂ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့ပြီး လွှတ်တော်ကိုယ်စား လှယ် ၉၂၀ ဦး ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.