မော်လမြိုင် ၊ ဇူလိုင် (၉)

 
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို တုံ့ပြန်တားဆီးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (MSICC) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်၊


ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က ပြုလုပ်ခဲတဲ့ အဲဒီတွေ့ဆုံဆွေးနွေးပွဲမှာတော့ NUG နဲ့ MSICC တို့ကြား လက်ရှိ လက်တွဲ လုပ်ဆောင်နေတဲ့ ဆောင်ရွက်ချက်တွေအပြင် ဆက်လက်ပြီး ပူးပေါင်းလုပ်ဆောင်ရမယ့် ကိစ္စရပ်တွေအတွက်လည်း ဆွေးနွေးခဲ့ကြပါတယ်။


အဲဒီထဲမှာတော့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို တားဆီးဖို့နဲ့ မွန်ပြည်နယ်မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ဆိပ်ကမ်းတည်ဆောက်မယ်ဆိုပြီး မြေယာသိမ်းယူမှုတွေနဲ့ လူအခွင့်အရေး ချိုးဖောက်မှုတွေကို တုံ့ပြန်တားဆီးဖို့ နှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့တာပါ။

 
နှစ်ဖက်တွေ့ဆုံဆွေးနွေးမှု အခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (MSICC) တွဲဘက်အတွင်းရေးမှူး ( ၂ ) မိဆုတဂျိုက သံလွင်တိုင်းမ်ကို အခုလိုပဲ ပြောပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျွန်မတို့ ဘက်က တင်ပြတာ ရှိတယ်။ပြည်‌‌ထောင်စုအစိုးရဖြစ်တဲ့ NUG အနေနဲ့ တစ်ဖက်အဖွဲ့ ရန်သူရဲ့ ရွေးကောက်ပွဲ အစီအမံကို ဘယ်လိုမျိုး တုံ့ပြန်ဖြေရှင်းမလဲ။ အဲဒါတွေကို အပြန်အလှန်မေးမြန်းကြပြီး ဘယ်လိုမျိုး လုပ်ဆောင်သင့်သလဲ။နောက် မွန်ပြည်နယ်မှာဆိုရင် ချထားတဲ့ စီမံကိန်းအကြီးကြီးတွေကြောင့် မြေသိမ်းမှု၊ ယာသိမ်းမှုတွေ လူ့အခွင့်အရေးချို့ဖောက်မှုတွေ ရှိနေတာကိုလည်း ဘယ်လိုမျိုး တားမြစ်၊ လူထုတွေကို ဘာကူပေးရမလဲ။ အဲဒါတွေကို ပြည်ထောင်စုအနေနဲ့ (NUG) ဘာအကြံပေးချင်သလဲ၊ ပြည်နယ်အနေနဲ့ရော ဘယ်လို ဖြေရှင်းရင် ကောင်းမလဲဆိုတဲ့ တိုင်ပင် ဆွေးနွေးမှုတွေ ရှိကြပါတယ်”လို့ သူက ဆိုပါတယ်။


စစ်ကောင်စီက မော်လမြိုင်မြို့ အနီးမှာ နိုင်ငံတကာ အဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့အတွက် ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်တဲ့ စီမံကိန်းအကောင်အထည်ဖော်ရေး ကြီးကြပ်မှု ဗဟိုကော်မတီကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။


စီမံကိန်းဆောင်ရွက်ဖို့ လိုအပ်တဲ့ မြေသိမ်ဆည်းရေး အပါအဝင် လျှပ်စစ်မီး ရရှိရေး၊ ချဉ်းကပ်လမ်းနဲ့ တခြားလမ်းပိုင်းဆိုင်ရာ တည်ဆောက်ရေး၊ ဘဏ္ဍာငွေ လျာထားရရှိရေးနဲ့ အခြားလိုအပ်တဲ့ ညှိနှိုင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ညွန်ကြားထားပြီး ဖြစ်ပါတယ်။


စစ်ကောင်စီရဲ့ မြေယာသိမ်းဆည်းမှု အပါအဝင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ဘယ်လို တုံ့ပြန်တားဆီးသွားမလဲဆိုတဲ့ လုပ်ငန်းစဉ် အသေးစိတ်ကို MSICC ဘက်က ထုတ်ဖော် ပြောဆိုတာ မရှိပေမယ့် စစ်အာဏာရှင်ကို လက်မခံတဲ့ မွန်ပြည်နယ်အတွင်းက တခြားသော အင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 
မွန်ပြည်ကြားကာလ ပူး‌ပေါင်းဆောင်ရွက်ရေးကော်မတီဟာ စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ ကော်မတီ တစ်ခု ဖြစ်ပြီး လက်ရှိမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှာ ဝန်ကြီးသုံးဦးနဲ့ အမျိုးသားညီညွတ်‌ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှာ ကိုယ်စားလှယ်သုံးဦး ပါဝင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.