ထားဝယ် ၊ ဇူလိုင် (၉)


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာအတွင်း ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနောက်ပြီးနောက် တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့က ထားဝယ်ဘက်ကနေ ထီးခီးဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ် အင်အား ၂၀၀ လောက်ဟာ သင်္ကန်းတုံးကျေးရွာမှာ ယာယီတပ်စွဲ နေထိုင်ခဲ့ပါတယ်။


ယာယီတပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ်က သင်္ကန်းတုံးကျေးရွာနဲ့ အနီးအနားကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။


အဲဒီနောက် စစ်ကောင်စီတပ်ဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့ နေအိမ် ၄၀ ကျော်ကို ဝင်ရောက်မွှေနောက်ပြီးနောက် ဆိုင်ကယ်၊ စားသောက်ကုန်၊ အဝတ်အထည်တွေအပြင် တန်ဖိုးရှိ ပစ္စည်းတွေကို ယူဆောင်သွားတာ ဖြစ်ပါတယ်။

 
သင်္ကန်းတုံးကျေးရွာက ဒေသခံ နေအိမ်တွေကို ဝင်ရောက်မွှေနောက်သွားတဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၇ ရက်နေ့မှာ ထီးခီးဘက်ကို ဆက်လက်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။


စစ်ကောင်စီတပ်က ယာယီတပ်စွဲ နေထိုင်စဉ် လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.