တနင်္သာရီ ၊ ဇူလိုင်(၉)

တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဇွန်ကလနေ အခုနှစ် ဇွန်လထိ တစ်နှစ်တာ ကာလအတွင်း အရပ်သားပြည်သူ (၁၇၀)ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ Southern Monitor အဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အရပ်သားပြည်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ စစ်ရေးပဋိပက္ခတွေကြားမှာ ဖမ်းဆီးသတ်ဖြတ်ခံနေရတာ ဖြစ်ပါတယ်။

အဲဒီထဲမှာတော့ အရပ်သားပြည်သူ အများစုဟာ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ ဖမ်ဆီးညှဉ်ပန်း နှိပ်စက်ပစ်ခတ်သတ်ဖြတ်တာတွေ ခံနေရတာပါ။

ဖမ်းဆီးညှဉ်ပန်းနှိပ်စက် ပစ်ခတ်သတ်ဖြတ်ခံရတဲ့အထဲမှာ လောင်းလုံး၊ ရေဖြူနဲ့ သရက်ချောင်းမြို့နယ်က အများဆုံး ပါဝင်တာ ဖြစ်ပြီး တချို့အရပ်သားပြည်သူတွေဟာ ခရီးသွားလာရင် စစ်ကောင်စီတပ်နဲ့ ပစ်ခတ်မှုကြောင့် အကြောင်းမဲ့ သေဆုံးနေတယ်လို့ ဆိုပါတယ်။

Southern Monitor အဖွဲ့ ပြန်ကြားရေး တာဝန်ခံကတော့ အခုကောက်ယူထားတဲ့ အချက်အလက်တွေဟာ အရပ်သားပြည်သူ သေဆုံးမှုတွေသာ ဖြစ်ပြီး မြေပြင်မှာ ဒီထက်အများကြီး ပိုနိုင်တယ်လို့ ပြောပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ် အာဏာသိမ်းတဲ့ ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ ဖမ်ဆီးပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် အရပ်သား ၂၀၀၀ ကျော် သေဆုံးထားတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

Southern Monitor အဖွဲ့ဟာ တနင်္သာရီတိုင်းထဲက ဖြစ်ပေါ်နေတဲ့ လူမှုစီးပွားရေး၊ ပဋိပက္ခ အခြေအနေ၊ စစ်ဘေးရှောင်ပြည်သူတွေအရေးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့အစည်း တစ်ခု ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.