ဒီမော့ဆို ၊ ဇူလိုင် (၉)


နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်မှာ အာဏာသိမ်း စစ်ကောင်စီက ဇူလိုင် ပထမအပတ်ကစပြီး လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်လာတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

 
လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအနီးရှိ စစ်ကောင်စီ သင်္ဘောပင်စခန်းကို ကရင်နီတပ်မတော် (KA) နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်က သွားရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

 
သင်္ဘောပင်စခန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ (၁၁) ကြိမ်၊တိုက်လေယာဉ်နဲ့ (၉) ကြိမ် စုစုပေါင်း အကြိမ် ၂၀ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

လတ်တလောမှာ နှစ်ဖက် တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ် မသိရသေးဘူးလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဇူလိုင် ၄ ရက်နေ့က ဖယ်ခုံမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက် တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီတပ်က ၄၀ ဦး သေဆုံးခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်က ၁၁ ဦး ကျဆုံးခဲ့တာပါ။

 
ကယားပြည်နယ် လွိုင်ကော်နဲ့ ဖယ်ခုံမြို့နယ်တို့က စစ်ကောင်စီ ခြေကုပ်စခန်းတွေကို ဒေသကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူဖို့ ကြိုးပမ်းနေတာကြောင့် နှစ်ဖက် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။


လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ သူတို့ရဲ့ တပ်စခန်းတွေ လက်မလွှတ်ရဖို့အတွက် တပ်အင်အား တိုးချဲ့တာနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.