လူဝင်မှုကြီးကြပ်ရေးဖောင်တွေကို ထိုင်းအစိုးရယာယီရပ်ဆိုင်းမယ်

ဘန်ကောက် – ဇွန်(၁၆) 

နိုင်ငံတကာခရီးသွားလေဆိပ်တွေမှာ ခရီးသည်ပြည့်ကြပ်မှုတွေကို လျှော့ချနိုင်ဖို့အတွက် T.M 6 လို့ခေါ်တဲ့ လူဝင်မှုကြီးကြပ်ရေးလျှောက်လွှာဖြည့်သွင်းမှု တွေကို ထိုင်းအစိုးရက ယာယီ ရပ်ဆိုင်း ထားမယ်လို့ သိရပါတယ်။ 

ဝန်ကြီးချုပ် နဲ့ ကာကွယ်ရေးဝန်ကြီး ပရာရွတ်ချန်အိုချာက ဇွန်လ(၁၄) ရက်နေ့က ပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးအပြီးမှာ ပြောဆိုခဲ့တာဖြစ်ပြီး ဒီလိုလုပ်ဆောင်တာဟာ နိုင်ငံခြားသား ခရီးသည်တွေ ဆိုက်ရောက်ချိန်မှာ ပုံစံဖောင်များစွာ ဖြည့်သွင်းဖို့လိုတဲ့ ဖြစ်စဉ်ကို လျှော့ချပေး နိုင်မှာလို့ သိရပါတယ်။ 

နိုင်ငံတကာ ဆိုက်ရောက်ခရီးသည်အရေအတွက်တွေ မြင့်တက်လာတဲ့အတွက်ကြောင့် လေဆိပ် မှာလူပြည့်လူလျှံဖြစ်မှုတွေကို သက်သာစေဖို့ ကူညီနိုင်မယ်လို့ ဝန်ကြီးချုပ်ပရာရွတ်က ပြောခဲ့ ပါတယ်။ 

ဗိုလ်ချုပ်ကြီး ပရာရွတ်ရဲ့ အဲ့ဒီကြေငြာချက်ရဲ့ ရလဒ်ကို အာဏာပိုင်တွေက ပြန်လည်သုံးသပ် သွားမှာဖြစ်ပြီး ခရီးသွားဧည့်သည်တွေကို ခြေရာခံဖို့ လိုအပ်တယ်လို့ ယူရရင် ကြေငြာချက်ကို ပြန်လည်ပြင်ဆင်သွားမှာ ဖြစ်ပါတယ်။ 

ထိုင်းအစိုးရအဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ Traisuree Taisarankul က ထိုင်းနိုင်ငံထဲကို ကုန်းလမ်း၊ ရေလမ်းက တဆင့်ဝင်ရောက်လာမယ့် နိုင်ငံခြားခရီးသွားတွေအတွက်တော့ T.M 6 ဖောင်တွေ ဖြည့်သွင်းဖို့ လိုအပ်နေဦးမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီဆောင်ရွက်ချက်ဟာ ခန့်မှန်ခြေ T.M 6 လျှောက်လွှာ ၆၅ မီလျံ ရိုက်နှိပ်ဖို့အတွက် (၁) နှစ်စာ ပရင့်ကုန်ကျစရိတ် (၄၅.၅) မီလျံ ခန့် သက်သာစေနိုင်တယ်လို့ အစိုးရအဖွဲ့ ဒုတိယ ပြောရေး ဆိုခွင့်ရှိသူက ပြောပါသေးတယ်။ 

လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က လေဆိပ်မှာ Biometric စနစ်နဲ့ ဆိုက်ရောက်ခရီးသည်တွေရဲ့ အချက်အလက်တွေကို စုဆောင်းနိုင်ပြီး တခြားသော ခရီးသွားအချက်အလက်တွေကိုလည်း လေကြောင်းလိုင်းတွေကတဆင့် တောင်းခံနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံသားတွေအတွက် T.M 6 ဖြည့်သွင်းတာကို ၂၀၁၇ ခုနှစ်တည်းက ရုတ်သိမ်းထားပါတယ်။ 

Ref : Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.