ထားဝယ်၊ ဇွန် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်-ထီးခီးလမ်းပိုင်းကနေ ထိုင်းနိုင်ငံကို သွားရောက်နေတဲ့ ရွှေ့ပြောင်း အလုပ်သမားကား (ဒေသအခေါ် ဘော်လုံးကား) သွားလာခွင့်ကို ဇွန် ၁၁ ရက်နေ့ကစပြီး ရက်အကန့် အသတ် မရှိ ပိတ်ပင်လိုက်တယ်လို့ အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့(ထားဝယ်) EDF က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၉ ရက်နေ့က ထားဝယ်-ထီးခီးလမ်း ဝကုန်းကျေးရွာအနီးမှာ လမ်းသွားလမ်းလာ ကားတွေကိုစစ်ဆေးနေတဲ့ အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီတပ်က အရပ်သားကား အသုံးပြုပြီး လာရောက် ပစ်သတ်သွားတဲ့အတွက် လမ်းအသုံးပြုခွင့်ကို ရက်အကန့်အသတ် မရှိ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

ရွှေ့ပြောင်းလုပ်သမားကားတွေ အဆက်မပြတ်သွားလာနေတာကြောင့် စစ်ဆင်ရေး လုပ်ဆောင်ရာမှာ အနှောက်အယှက်ဖြစ်ရပြီး မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာတာကြောင့် လမ်းအသုံးပြုခွင့်ကို ပိတ်ပင်ရတာ ဖြစ်တယ်လို့ အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့(ထားဝယ်)EDF တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။



ဒါကြောင့် သတ်မှတ်စည်းကမ်းချက် မလိုက်နာတဲ့ ကားတွေကို ထိရောက်စွာ အရေးယူသွားမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေ လိုက်နာပေးဖို့နဲ့ တော်လှန်ရေးမှာ ပူးပေါင်း ပါဝင်ပေးဖို့ တိုက်တွန်းတာပါ။

နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ ထားဝယ်-ထီးခီးလမ်းပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားကားတွေ အသုံးပြုပြီး သွားလာတာ၊ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ရောနှောပြီး ဝင်ရောက်တာတွေ ရှိနေပါတယ်။

ထားဝယ်-ထီးခီးလမ်းပေါ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား မကြာခဏဆိုသလို ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.