ကော့သောင်း၊ ဇွန် ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းနဲ့ မြိတ်မြို့ပေါ်က စက်သုံးဆီဆိုင်တချို့ကို စစ်ကောင်စီက ဖမ်းဆီးမယ်ဆိုတဲ့ သတင်းကြောင့် ဇွန် ၉ ရက်နေ့ မနက်ပိုင်းကစပြီး ပြည်သူတွေ အလုအယက် ဝယ်ယူနေကြတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကော့သောင်းနဲ့ မြိတ်မြို့ပေါ်ရှိ စက်သုံးအရောင်ဆိုင်တွေကို စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့တွေက လိုက်လံစစ်ဆေးခဲ့တာပါ။

အဲဒီနောက်မှာတော့ စက်သုံးဆီအရောင်းဆိုင်တချို့နဲ့ တရားမဝင် စက်သုံးဆီဆိုင်တွေကို လိုက်လံ ဖမ်းဆီးတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။



စက်သုံးဆီဆိုင်တွေကို ဖမ်းဆီးမယ်ဆိုတဲ့ သတင်းကြောင့် ဆီဆိုင်အများစု ရုတ်တရက် ပိတ်လိုက်တဲ့အတွက် ပြည်သူတွေ အလုအယက် ဝယ်ယူခဲ့ကြသလို တချို့စက်သုံးဆီဆိုင်တွေမှာ ဆီပြတ်တဲ့ထိ ဖြစ်ပေါ်ခဲ့တယ်လို့ မြိတ်မြို့ခံတစ်ဦးက ဆိုပါတယ်။

အလုအယက် ဝယ်ယူမှုကြောင့် စက်သုံးဆီ တစ်လီတာကို ကျပ် ၃၀၀၀ နီးပါး ဈေးနှုန်း မြင့်တက်လာခဲ့သလို တချို့ဆီဆိုင်တွေမှာ ကျပ် ၄၀၀၀ ထိပေးပြီး ဝယ်ယူခဲ့ရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ပြည်သူအများစုက အခုလို စက်သုံးဆီတွေကို အလုအယက် ဝယ်ယူခဲ့ကြပေမယ့် စစ်ကောင်စီ တနင်္သာရီအစိုးရ အဖွဲ့ကတော့ ဖြေရှင်းဆောင်ရွက်ပေးတာ မရှိသလို ဒီဖြစ်စဉ်အပေါ် တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.