ကျိုက်ထို၊ ဇွန် ၁၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တညင်ချောင်းကျေးရွာအဝင်လမ်းအနီးမှာ ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်ထိုမြို့နယ်ကနေ ဘီးလင်းမြို့နယ်ကို မောင်းနှင်လာတဲ့ ကား ၄ စီးပါ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကား တစ်စီး မြောင်းထဲထိုးကျသွားခဲ့သလို ကားပေါ်ပါ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရနိုင်တယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။



စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာတော့ အခုလအတွင်း စစ်ကောင်စီယာဉ်တန်း ၄ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.