ရှမ်း-ကယားနယ်စပ်မှာတော့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကနေ အသွင်ပြောင်း ဖွဲ့စည်းထားတဲ့ ဌာနေ ပြည်သူ့စစ် (PNO/PNA) အဖွဲ့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းတယ်ဆိုတဲ့ အမည်ဆိုးနဲ့ ကျော်ကြားနေပါတယ်။


စစ်ကောင်စီဘက်က ကူညီတိုက်ခိုက်ပေးနေတဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ အသွင်ပြောင်း ဖွဲ့စည်းထားတဲ့ ဌာနေပြည်သူ့စစ် (PNO/PNA) အဖွဲ့ကို ပအိုဝ်းလူငယ်အဖွဲ့ ၁၁ ဖွဲ့က ကန့်ကွက်ကြောင်းနှင့် PNO/PNA ရဲ့ လုပ်ရပ်ကို ပအိုဝ်းတမျိုးသားလုံးက ဆန့်ကျင်တယ်လို့ ပြီးခဲ့တဲ့နှစ် သြဂုတ်လက ထုတ်ပြန်ခဲ့ပါတယ်။


ဒါပေမယ့် ရှမ်း – ကယားနယ်စပ်မှာ တိုက်ပွဲတွေ ပြင်းထန်လာပြီးတဲ့နောက် PNO/PNAဟာ စစ်ကောင်စီဘက်က ဝင်ပြီးကူတိုက်နေတဲ့အပြင် တပ်သားစုဆောင်းရေးတွေကိုပါ ပအိုဝ်းဒေသမှာ အတင်းအကြပ် လုပ်ဆောင်တာတွေ ရှိလာပါတယ်။


“PNO/PNA ဟာ ပအိုဝ်းလူမျိုးတွေကို ကိုယ်စား မပြုပါဘူး၊ သူက စစ်တပ်ကိုသာ သစ္စာခံတဲ့ အတွက် အာဏာရှင်ကို ထောက်ခံသူတို့ လားရာ အတိုင်းပဲ သွားရမှာပါ ” လို့ ပအိုဝ်းလူငယ် တစ်ဦးက ပြတ်ပြတ်သားသား ပြောဆိုလာတာပါ။

 
PNO/PNA ဘယ်လို ဖြစ်ပေါ်လာလဲ


ပအိုဝ်းပြည်သူ့စစ် အဖွဲ့လို့ လူသိများတဲ့ PNA အဖွဲ့ကို ၁၉၄၉ ခုနှစ်မှာ စတင် ဖွဲ့စည်းခဲ့ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ရဲ့ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှာ စစ်အစိုးရနဲ့ အပစ်ရပ် လက်မှတ် ရေးထိုးခဲ့ပြီး ငြိမ်းချမ်းရေး ရယူခဲ့ပါတယ်။


အဲ့ဒီနောက်မှာတော့ အသွင်ပြောင်းပြည်သူ့စစ်အနေနဲ့ ဆက်လက်ရပ်ခဲ့သလို တစ်ဖက်မှာလည်း နိုင်ငံရေးပါတီ တစ်ရပ်အသွင်နဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

 
လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ PNA ဟာ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် PNO အတွက် မဲရရှိရေးကို လုပ်ဆောင်နေသလို စစ်ကောင်စီတပ်ရဲ့ ရိက္ခာ ထောက်ပံ့မှုတွေကို တခါတရံ ယူဆောင် သုံးစွဲနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ အသွင်ပြောင်း ဖွဲ့စည်းထားတဲ့ ဌာနေပြည်သူ့စစ် (PNO/PNA)


ရှမ်းပြည်တောင်ပိုင်းမှာ ရှိတဲ့ ဟိုပုံး ၊ ဆီဆိုင် နဲ့ ပင်လောင်းမြို့နယ်တို့ဟာ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်ပါတယ်။

 
အဲဒီဒေသတွေမှာ MTA (နားရိုင်း)၊ MTA (မတ်ကျန်း)၊ SSS (ဟိုမိန်း) လို့ ခေါ်တဲ့ ဒေသ နာမည်တွေကို အစွဲပြု အမည်ပေးထားတဲ့ ပြည်သူ့စစ် အဖွဲ့တွေ ရှိနေပေမယ့် PNO/PNA ကတော့ တိုင်းရင်းသားမျိုးနွယ်စု၊ လူမျိုးရေးကို အခြေခံပြီး အမည်ပေးထားတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။


စစ်အာဏာသိမ်းပြီး PNO/PNA ရပ်တည်ချက်


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်း လွှတ်တော် ကိုယ်စားလှယ်နေရာ ၁၁ နေရာအထိ အနိုင်ရရှိခဲ့ပါတယ်။

 
PNO ပါတီဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲကို နှစ်ကြိမ်တိုင် သွားတက်ရောက်ခဲ့ပါတယ်။


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကနေ အသွင်ပြောင်းဖွဲ့စည်းထားတဲ့ ဌာနေပြည်သူ့စစ် (PNO/PNA) အဖွဲ့ကတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဆောင်ရွက်လာသလို တိုက်ပွဲတွေမှာလည်း ဝင်ရောက် တိုက်ခိုက်ပေးလာပါတယ်။


အဲဒီထဲမှာတော့ အခုနှစ် မေလက ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တိုက်ပွဲတွေမှာ PNA ပြည်သူ့စစ်အဖွဲ့ဟာ စစ်ကောင်စီနဲ့ တပ်စခန်းထိုင်ပြီး တိုက်ခိုက်ပေးတဲ့ထိ လုပ်ဆောင်ခဲ့ပါတယ်။


မိုးဗြဲအင်း အရှေ့ဘက်ကမ်းက ထီရိကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ဂိတ်စခန်းကို ကရင်နီ ပူးပေါင်း တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ပြီး စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့် တစ်ဦး အပါအဝင် ငါးဦးကို အရှင် ဖမ်းမိခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့ ကနေ စတင်ပြီး ရှမ်း-ကယား နယ်စပ်မှာ တိုက်ပွဲတွေ ပြန်လည် ပြင်းထန် လာခဲ့ပါတယ်။

ဖမ်းမိထားသော  စစ်သုံ့ပန်းများနှင့်လက်နက်များကို မေ ၁၂ တွင် ဖယ်ခုံ-PDF ကထုတ်ပြန်ခဲ့သည်။


ထီရိကျေးရွာ၊ စာသင်ကျောင်းအတွင်း အခိုင်အမာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်မ (၅၅) လက်အောက်ခံ ခမရ-၁၈ တပ်နဲ့ PNO အဖွဲ့ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက် ခဲ့ပြီးတဲ့နောက် PNO ရဲ့ ပြည်သူ့စစ် အဖွဲ့ဟာ စစ်ကောင်စီနဲ့ ပြောင်ပြောင်တင်တင်း ပူးပေါင်းကာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စတင် ပါတော့တယ်။


မေလ ၁၆ ရက်နေ့မှာ စစ်ကောင်စီ တပ်တွေဟာ ဖယ်ခုံနဲ့ ညောင်ရွှေနယ်စပ်က အိမ်ခြေ ၄၀ ဝန်းကျင်လောက် ရှိတဲ့ ဆောင်နန်းခဲကျေးရွာကို မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ် ။


မီးရှို့တဲ့ ဖြစ်စဉ်အတွင်း PNO/PNA ရဲ့ ဝတ်စုံ ဝတ်ထားသူတွေက စစ်ကာင်စီနဲ့ ပူးပေါင်းပြီး ဒေသခံ နေအိမ်တွေကို မီးရှို့ခဲ့တယ်လို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။


PNO/PNA ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတာ အခုမှ မဟုတ်ဘူးလို့ KNDF B-03 တာဝန်ခံက ပြောပါတယ်။

 
“ အမှန်အတိုင်း ပြောရရင် PNO ဟာ ဒီတိုက်ပွဲမှ မဟုတ်ဘူး။ အရင်က မိုးဗြဲမှာ ဖြစ်တဲ့ တိုက်ပွဲတွေရော ဒီမော့ဆိုဘက် အထိကို စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ စစ်ကြောင်း ထိုးတာတွေ ရှိနေပါတယ်။ ဆိုတော့ ပြောရရင် အခုမှ ပါဝင်လာတာမျိုး မဟုတ်ဘူး ”
လို့ သူက ဆိုပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ အသွင်ပြောင်း ဖွဲ့စည်းထားတဲ့ ဌာနေပြည်သူ့စစ် (PNO/PNA)


ရှမ်း-ကယား နယ်စပ်က တိုက်ပွဲတွေ နဲ့ ပတ်သက်ပြီး PNO ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

 
PNO ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက် အနေနဲ့ မဟုတ်ဘဲ သာမန် အရပ်သား တစ်ဦးအနေနဲ့ ဖြေဆိုတာလို့ စကားခံပြီးမှ PNO/PNA ရဲ့  နယ်စပ်တိုက်ပွဲတွေ အတွင်း ပါဝင် ပတ်သက်မှုတွေကို ဖြေဆိုဖို့ လက်ခံခဲ့တာ ဖြစ်ပါတယ်။


“PNO မှာက တပ်နဲ့ ရောရောနှောနှော မနေရဘူးဆိုတဲ့ မူရှိပါတယ်။ ဒါပေမယ့် အောက်ခြေမှာ ဘာတွေ ဖြစ်နေလဲ ဆိုတော့ ငြိမ်းချမ်းရေး ယူထားတော့ ယှဉ်တွဲနေ ထိုင်တာတွေ ရှိနေတယ်။ မေ ၁၅ ရက်နေ့က ညောင်ရွှေမှာဆို ဒါက စစ်တပ်နဲ့ ကျွန်တော်တို့ အောက်ခြေကလူတွ သောက်စား ကြတယ်ပေါ့။ အဲဒီ အချိန်မှာ ဖြစ်သွားတာပါ။ အဓိက က ဒီတိုက်ပွဲတွေမှာ ကျွန်တော်တို့ ဘက်က တစ်ခုပါပဲ၊ ကျွန်တော်တို့ ဆီကို ကျူးကျော်လာရင်တော့ ပြန်ခုခံရမယ်လေ ”လို့ သူက အင်တာဗျူးကို စပြီး ဖြေပါတယ်။


ဆောင်နန်းခဲကျေးရွာကို စစ်ကောင်စီတပ်တွေ မီးရှို့တုန်းက PNO/PNA ရဲ့ ယူနီဖောင်း ဝတ်ထားတဲ့ လူတွေကို ဒေသခံတွေ တွေ့တယ်ဆိုတဲ့ ကိစ္စကိုတော့ သူက အခုလို ဖြေရှင်း ထားပါတယ်။

 
“ဒီ ဆောင်းနန်းခဲရွာကိုတော့ ကျွန်တော်တို့ဆီက မသွားတာတော့ သေချာတယ်။ တပ်ကလည်း ခေါ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က တိုင်းရင်းသား အချင်းချင်း ဆိုတော့ လုံးဝ မသွားပါဘူး။ ဒါသေချာပါတယ်။ နောက်ပြီး အောက်ခြေမှာ ပြသနာတစ်ခု ရှိနေတယ်။ ယူနီဖောင်းကို ယူပြီး ဝတ်ကြတာပေါ့။ ဥပမာ တချို့ စစ်တပ်ကလည်း ပြည်သူ့စစ်ရဲ့ အဝတ်ကိုဝတ်။ ပြည်သူ့စစ်ကလည်း စစ်တပ်ရဲ့ အဝတ်ကိုဝတ်။ ဒီလိုမျိုးတွေ ရှိနေတယ်။ မူမှာတော့ ခွင့်ပြုထားတာတော မရှိဘူး ပေါ့နော်” လို့ ပြောပါတယ်။


PNO/PNA ဘာတွေ ထပ်လုပ်လာလဲ


PNO/PNA ဟာ အခုနှစ် မေလကစပြီး အသက် ၁၈ နှစ်ကနေ ၅၀ နှစ်ကြား အမျိုးသားတွေကို လုံခြုံရေးအမည်ခံအဖွဲ့တွေထဲ ဝင်ရောက်ကြဖို့ လိုက်လံ စည်းရုံးလာခဲ့တာပါ။

 
အဲဒီလိုလုပ်ဖို့ PNO/PNAရဲ့ ရာထူးအကြီးပိုင်းတွေက တောင်ကြီးမြို့ နောင်ကားကျေးရွာမှာ အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ PNO ရဲ့ အတွင်းလူတစ်ဦးက အတည်ပြုပေးပါတယ်။

 
ဒါ့အပြင် PNO/PNA ရဲ့လုံခြုံရေးစရိတ်အတွက်ဆိုပြီး ပအိုဝ်းဒေသခံတွေဆီက ဆန်၊ဆီ၊ဆားအပြင် တစ်အိမ် သုံးသောင်း ကောက်ခံတာတွေပါ လုပ်ဆောင်လာတာပါ။


PNO/PNA ရဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းမှုတွေကြောင့် ကရင်နီ ပြည်နယ် အတိုင်ပင်ခံကောင်စီက ပအိုဝ်းဒေသက အဖွဲ့အစည်းတွေဆီကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့မှာ အိတ်ဖွင့်စာ ပေးပို့ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေး အင်အားစုတွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ပအိုဝ်း ပြည်သူလူထုကို ထိခိုက် နစ်နာစေလိုတဲ့ ဆန္ဒ လုံး၀ မရှိသလို နယ်မြေ ကျူးကျော်တာလည်း မဟုတ်ဘူးလို့ အဲဒီ အိတ်ဖွင့်စာမှာ ဖော်ပြထားပါတယ်။

ရှမ်း-ကယား နယ်စပ် တိုက်ပွဲတွေနဲ့အတူ ဒေသခံတွေ များစွာ ဒုက္ခရောက်နေပေမယ့် ဒေသ အခြေစိုက် တိုင်းရင်းသားမျိုးနွယ်စု အဖွဲ့ဖြစ်တဲ့ PNO/PNA ကတော့ စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်း ရပ်တည်နေဆဲ ဖြစ်ပါတယ်။

 
နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အဖွဲ့အစည်းတွေဟာ အာဏာရှင်တွေနဲ့ အတူ ချုပ်ငြိမ်းရမှာ ဖြစ်ပြီး လုပ်ရပ်တိုင်းက သမိုင်းတွေ ဖြစ်လာမှာလို့ တော်လှန်ရေး အင်အားစုတွေက သတိပေးထားပါတယ်။


မည်သို့ပင်ဖြစ်စေ PNO/PNA ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက အခုလို မှတ်ချက်ပြုပါတယ်။


“PNO/PNA မှာ ရှိနေတဲ့ လက်နက်တွေဟာ ပအိုဝ်းလူမျိုးတွေရဲ့ ပိုက်ဆံတွေ ဝယ်ယူထားတာပါ၊ ဒါကြောင့်PNO/PNA အနေနဲ့ စစ်ကောင်စီ ခိုင်းတိုင်း လိုက်လုပ်နေဖို့ မလိုဘူး၊ စစ်ကောင်စီရဲ့ ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေကိုလည်း ခေါင်းဆောင်တွေအနေနဲ့ ပြန်လည် သုံးသပ်ဖို့ လိုအပ်တယ်”
ဟူ၍ပင်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.