အိုကလာဟိုးမား၊ ဇွန် (၃)

အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ် တောလ်ဆာ မြို့ရှိ ဆေးဘက်ဆိုင်ရာ စင်တာမှာ ဇွန်လ ၁ ရက်နေ့က ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူငါးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

စိန့်ဖရန်စစ်ဆေးရုံဝင်းရှိ နာတာလီအဆောက်အအုံမှာ သေနတ်သမား အပါအဝင် လူငါးဦး သေဆုံးခဲ့ကြောင်း တောလ်ဆာ ရဲတပ်ဖွဲ့က တွစ်တာ လူမှုကွန်ယက်စာမျက်နှာမှာ ပြောကြားခဲ့ပါတယ်။ 

သေနတ်သမားသည်လည်း ဒဏ်ရာများနဲ့ သေဆုံးသွားကြောင်း တောလ်ဆာ၏ လက်ထောက်ရဲချုပ် ဂျိုနသန် ဘရော့ခ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ 

ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါအမျိုးသား၏ ကိုယ်ရေးအချက်အလက်ကို ဖော်ထုတ်ရန် ကြိုးပမ်းခဲ့ပြီး ထိုသူသည် အသက် ၃၅ နှစ်မှ ၄၀ ကြားဖြစ်မယ်လို့ ဆိုပါတယ်။

ဆေးဘက်ဆိုင်ရာကျောင်းဝင်းရှိ အဆောက်အအုံ ဒုတိယထပ်တွင် ရိုင်ဖယ်သေနတ်တစ်လက်နှင့် အမျိုးသားတစ်ဦးရှိကြောင်း တောလ်ဆာ ရဲတပ်ဖွဲ့ထံ ဖုန်းခေါ်ဆိုမှုရရှိခဲ့ပြီးနောက် ရုတ်ချည်းဆိုသလို ပစ်ခတ်မှုတွေ စတင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ကပ်ပတိန်ရစ်ချတ် မူလမ်ဘာ့ဘ်က ABC သတင်းဌာနသို့ ပြောပါတယ်။ 

ပစ်ခတ်မှုအပြီး ၃ မိနစ်အကြာမှာ ရဲတပ်ဖွဲ့ဝင်များ အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာချိန်မှာ လူတစ်ချို့ ပစ်သတ်ခံခဲ့ရသည်ကို တွေ့ရှိခဲ့ရပြီး ထိုအချိန်မှာဘဲ လူနှစ်ဦး ပွဲချင်းပီးသေဆုံးသွားခဲ့ကြောင်း မူလမ်ဘာ့ဘ်က အခင်းဖြစ်စဉ်အား ရှင်းလင်းပြောခဲ့ပါတယ်။ 

“ဒီကနေ့ ဒီအကြမ်းဖက်မှုကို တုံ့ပြန်ဖို့ မတွန့်ဆုတ်ခဲ့တဲ့ ဦးဆုံးတုံ့ပြန်ခဲ့သူတွေအတွက် ကျွန်ုပ်တို့က လေးလေးနက်နက် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်” လို့ တောလ်ဆာ မြို့တော်ဝန် ဂျီတီဘိုင်နမ်က ပြောခဲ့တာပါ။ 

အိုကလာဟိုးမားမြို့၏ အရှေ့မြောက်ဘက် ကီလိုမီတာ ၁၆၀ ခန့်အကွာမှာရှိသည့် လူပေါင်း ၄၁၁,၀၀၀ ခန့်နေထိုင်တဲ့ တောလ်ဆာမြို့  ပစ်ခတ်မှုနှင့်ပတ်သက်၍ သမ္မတ ဂျိုးဘိုင်ဒင်ထံ အကျဉ်းချုံးတင်ပြထားပြီးဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။ 

တောလ်ဆာ ပစ်ခတ်မှုအပါအဝင် မေလအတွင်းမှာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားပြီးနောက် အမေရိကန်ပြည်သူများကို တုန်လှုပ်သွားစေခဲ့ပြီး သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ အချေအတင် ဆွေးနွေးမှုများ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်က တက္ကဆက်ပြည်နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းမှာ ကလေး ၁၉ ဦးနှင့် ဆရာနှစ်ဦးကို သေနတ်သမားတစ်ဦးက ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး မေလအစောပိုင်းက နယူးယောက် ဘက်ဖ်လိုရှိ စူပါမားကတ်တစ်ခုမှာလည်း သေနတ်သမားတစ်ဦးက လူ ၁၀ ဦးကို ပတ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.