ရှင်ကျန်း – ဇွန်(၃)
ဇွန်လနှောင်းပိုင်းမှာ ပြဌာန်းဖို့ လိုအပ်တဲ့ ဥပဒေတစ်ရပ်ဖြစ်တဲ့ တရုတ်နိုင်ငံ ရှင်ကျန်းဒေသက သွင်းကုန်တွေအပေါ်တားမြစ်ချက်ကို အကောင်အထည်ဖော်ဖို့ အမေရိကန် အာဏာပိုင်တွေက အဆင်သင့်ဖြစ်နေပြီး ကင်းလွတ်ခွင့်အတွက်ခိုင်လုံတဲ့ အထောက်အထား လိုအပ်မှာဖြစ် တယ်လို့ အမေရိကန်အကောက်ခွန်အရာရှိတစ်ဦးက ပြောပါတယ်။
ဝီဂါမူဆလင်တွေကို တရုတ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ အမေရိကန်ကစွပ်စွဲ ထားတဲ့ အဲ့ဒီလူမျိုးစုတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အမည်းစက်ဖြစ်စေ မယ့် ထုတ်ကုန်တွေကို အမေရိကန်စျေးကွက်မှာ ကာကွယ်ဖို့ ကြိုးပမ်းမှုအဖြစ် ဝီဂါ အလုပ်သမား တွေကို ဖိအားပေးမှုတားဆီးရေးဥပဒေ(UFLPA) ကို ဒီဇင်ဘာလမှာ သမ္မတ ဘိုင်ဒင်က လက်မှတ် ရေးထိုးထားပါတယ်။
အာဏာပိုင်တွေဟာ ဝီဂါနဲ့ တခြားသော မူဆလင်အုပ်စုတွေအတွက် ထိန်းသိမ်းရေးစခန်း တွေထူထောင်ထားပြီး အဓမ္မလုပ်အားပေးခိုင်းစေထားတဲ့ ရှင်ကျန်းမှ ကုန်ပစ္စည်းအားလုံး ကို တင်သွင်းခွင့်တားမြစ်ပိတ်ပင်ထားတယ်လို့ အဲ့ဒီ ဥပဒေမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ အဲ့ဒီလူမျိုးစုတွေဟာ ဝါဂွမ်းအဓိကထုတ်လုပ်ပြီး ဆိုလာပြားတွေအတွက် ပစ္စည်း တွေထုတ်လုပ်နေတဲ့ ရှင်ကန်းမှာ ညှင်းပန်းနှိပ်စက်တယ်လို့ စွပ်စွဲချက်တွေကို တရုတ်က ငြင်းဆိုထားပြီး အဲ့ဒီဥပဒေဟာ နိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို လုပ်ကြံပြီး အသရေဖျက်တာ ဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုထားကြပါတယ်။
ဇွန်လ(၂၁) ရက်နေ့မှာ အသက်ဝင်မယ့် အဲ့ဒီပြဌာန်းချက်ကို ထိထိရောက်ရောက် အကောင် အထည်ဖော်ဖို့အတွက် ဘဏ္ဍာငွေပိုမိုရရှိဖို့ တချို့အမေရိကန်လွှတ်တော်အမတ်တွေက ထောက်ခံ ဖို့အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေး (CBP) က တောင်းဆိုထားပါတယ်။
“ကျွန်ုပ်တို့အားလုံး အလွန်တင်းကျပ်တဲ့ အချိန်ကာလမှာ ရှိနေပါတယ်၊ မျှော်လင့်တာကတော့ ဝီဂါဥပဒေကို ဇွန်လ ၂၁ ရက်နေ့မှာ အကောင်အထည်ဖော်ဖို့ အဆင်သင့်ဖြစ်ပြီး ကျွန်မတို့မှာ အရင်းအမြစ်တွေလည်း ရှိပါတယ် “လို့ UFLPA အကောင်အထည်ဖော်ရေး အလုပ်အဖွဲ့ CBP ယာယီအမှုဆောင်ဒါရိုက်တာ အဲလ်ဗာ မူနီတန်က ပြောခဲ့ပါတယ်။
ဒါ့အပြင်ကုန်ပစ္စည်းတင်သွင်းသူတွေအနေနဲ့ တားမြစ်ထားတဲ့ ကုန်ပစ္စည်းတွေကို မူလနိုင်ငံကို ပြန်ပို့ဖို့ ရွေးချယ်ခွင့်ရရှိမှာဖြစ်ပြီး ကင်းလွတ်ခွင့်တွေအတွက် CBP ကော်မရှင်နာက ခွင့်ပြုပြီး ကွန်ဂရက် မှာ အစီရင်ခံတင်ပြရမှာဖြစ်တယ်လို့ သိရပါတယ်။
“ဝီဂါဥပဒေမှာ လိုအပ်မယ့် အထောက်အထား အဆင့်က အရမ်းမြင့်တယ်ဆိုတာ သိဖို့ အလွန်အရေးကြီးပါတယ်၊ တင်သွင်းနေတဲ့ ကုန်ပစ္စည်းများဟာ အဓမ္မလုပ်သားခိုင်းစေခြင်း ကင်းစင်တယ်ဆိုတဲ့ စာရွက်စာတမ်းနှင့် ရှင်းလင်းပြီး ယုံကြည်စိတ်ချရတဲ့ အထောက်အထားတွေ လိုအပ်ပါလိမ့်မယ်၊ ဒါ့အပြင် CBP က လိမ်လည်တင်ပြမှုတွေအတွက် လိုအပ်သည့် ပြစ်ဒဏ်များလည်း ချမှတ်နိုင်မှာဖြစ်တယ်” လို့ အဲလ်ဗာမူနီတန်က ပြောပါတယ်။
တရုတ်မှာ ဘယ်လိုထိန်းသိမ်းရေးစခန်းမှ မရှိဘူးဆိုပြီး ငြင်းဆိုထားပေမယ့် နောက်ပိုင်း ရှင်ကျန်း မှာ အကြမ်းဖက်ရေး၊ခွဲထွက်ရေးနဲ့ ဘာသာရေးအစွန်းရောက်ဝါဒီ တားဆီးဖို့အတွက် လိုအပ်တဲ့ အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစင်တာတွေ ထူထောင်ထားတယ်ဆိုပြီး ဘေဂျင်းက ဝန်ခံခဲ့ပါတယ်။
Ref: Reuters