ဘန်ကောက်၊ မေ (၂၄)

ဘန်ကောက်မှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ် ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တာကို ကန့်ကွက်တဲ့အနေနဲ့ အမေရိကန်အပါအဝင် နိုင်ငံပေါင်း (၇)နိုင်ငံက ကိုယ်စားလှယ်တွေဟာ အစည်းအဝေးမှ ထွက်ခွာသွားသော်လည်း အစည်းအဝေးစီစဉ်တဲ့ အဖွဲ့အစည်းနဲ့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ထောက်ခံကြောင်း တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။ 

အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ကတ်သရင်းတိုင်နှင့်အတူ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်နှင့် ကနေဒါတို့မှ ကိုယ်စားလှယ်များက စနေနေ့မှာ ပြုလုပ်တဲ့ APEC အစည်းအဝေးပြုလုပ်သည့်အချိန်တွင် ရုရှား၏ စီးပွားရေးဝန်ကြီး အဖွင့်အမှာစကား ပြောပြီးချိန်မှာ အစည်းအဝေးကနေ ထွက်ခွာသွားခဲ့ကြတာ ဖြစ်ပါတယ်။ 

ရုရှားစီးပွားရေးဝန်ကြီးက နှစ်ရက်ကြာကျင်းပတဲ့ APEC အဖွဲ့ဝင် ၂၁ ဖွဲ့ပါ အစည်းအဝေး အဖွင့်မိန့်ခွန်းပြောနေချိန်တွင် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြတဲ့ နိုင်ငံငါးနိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ ထပြန်သွားတယ်လို့ ထိုင်းအရာရှိတဦးက ပြောပါတယ်။

အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်တို့မှ ကိုယ်စားလှယ်များသည် ယူကရိန်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းအတွက် အလွန်စိုးရိမ်ပူပန်မိကြောင်း ပူးတွဲကြေညာချက်တွင် ဖော်ပြထားပါတယ်။ 

“ပွင့်လင်းပြီး ထိရောက်တဲ့ ခံနိုင်စွမ်းရှိတဲ့ ငြိမ်းချမ်းသည့် အာရှ-ပစိဖိတ်ဒေသကို နိုင်ငံတကာရဲ့ အခြေခံ စည်းမျဉ်းများ၏ အရေးပါမှုကို ထပ်လောင်းအတည်ပြုပြီး ရုရှားက သူ့ရဲ့ အင်အားသုံး တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ပြီး ယူကရိန်းကနေ သူ့ရဲ့ စစ်အင်အားအားလုံးကို ချွင်းချက်မရှိ ရုပ်သိမ်းဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ် ” လို့ အစည်းအဝေးမှ ထွက်ခွာသွားတဲ့ နိုင်ငံတွေက ပြောပါတယ်။

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး (Apec) အစည်းအဝေးမှ ထွက်ခွာသွားခဲ့တဲ့ ကနေဒါ၊ နယူးဇီလန်၊ ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့မှ ကိုယ်စားလှယ်များက အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ကတ်သရင်းတိုင် ဦးဆောင်တဲ့ အမေရိကန်တို့နှင့် ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ 

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုနဲ့ ပတ်သက်ပြီး ကွဲလွဲမှုတွေကြောင့် ပူးတွဲကြေညာချက် မထုတ်ပြန်ဘဲ Apec အစည်းအဝေးဟာ တနင်္ဂနွေနေ့မှာ ပြီးဆုံးခဲ့ပါတယ်။

ရုရှားစီးပွားရေးဝန်ကြီးမှ အချက် ၂၄ ချက်အနက် ၂၃ ချက်ကို သဘောတူညီခဲ့ကြောင်း အဆိုပါအစည်းအဝေးအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး APEC အဖွဲ့၏ စီးပွားရေးအာဂျန်ဒါကို မြှင့်တင်နိုင်ဆဲဖြစ်ကြောင်းနှင့် ပူးတွဲထုတ်ပြန်ချက်မရှိသည့်အတွက် ထွက်သွားသူများကို အပြစ်တင်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။   

“ကျွန်တော်တို့ သဘောတူညီမှု မရရှိသေးတဲ့ တစ်ခုတည်းသော အကြောင်းအရင်းကတော့ ဖိုရမ်ကို နိုင်ငံရေးအရ အသုံးချဖို့ နိုင်ငံအချို့က ကြိုးပမ်းခဲ့တာပါ၊ ရှေ့ဆက်ပြီး သဘောထားကွဲလွဲမှုတွေ မဖြစ်စေဖို့အတွက် ဘုံအခြေခံကို ရှာဖွေဖို့ အာရုံစိုက်သင့်ပါတယ်။” ဟု သူကပြောကြားခဲ့ကြောင်း ရုရှား၏ သတင်းဌာနတစ်ခု သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

Ref: Bangkok Post & The Seattle Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.