အော့တဝါ – မေ(၂၃) 

ကနေဒါနိုင်ငံ စက်မှုလုပ်ငန်းဝန်ကြီးဌာနက တရုတ်နိုင်ငံထုတ် ဟွာဝေးနဲ့ ZTE တို့အပေါ် ကန့်သတ် ချက်တွေချမှတ်လိုက်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေငြာခဲ့ပါတယ်။ 

အခုလိုလုပ်ဆောင်တာဟာ ကနေဒါနိုင်ငံရဲ့ မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုတွေကို တိုးမြှင့် ဆောင်ရွက်တာ ဖြစ်သလို နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ကာကွယ်စေဖို့ ဖြစ်တယ်လို့ သိရပါတယ်။ 

ကနေဒါအခြေစိုက်ဟွာဝေးကုမ္ပဏီကတော့ နိုင်ငံရေးဆန်လွန်းတဲ့ ဆုံးဖြတ်ချက်ကြောင့် စိတ်ပျက်ရတယ်လို့ ပြောဆိုထားပါတယ်။ 

“ဤဆုံးဖြတ်ချက်သည် ဆိုက်ဘာလုံခြုံရေးနှင့် မသက်ဆိုင်ပဲ ကံဆိုးမိုးမှောင် ကျစေသည့် နိုင်ငံရေးဆန်သော ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်သည်”လို့ ကနေဒါအခြေစိုက်ဟွာဝေးကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ 

အင်္ဂလန်၊အမေရိကန်၊ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့မှာလည်း ဟွာဝေးအပေါ် ကန့်သတ်ချက် တွေချမှတ်ထားပါတယ်။ 

မဟာမိတ်နိုင်ငံတွေကလည်း ဟွာဝေးနဲ့ ZTE ကို သူတို့ရဲ့ ကွန်ရက်တွေကနေ တားမြစ်ထားကြတဲ့ အတွက် ကနေဒါနဲ့ ကြေငြာချက်ကို ကြီးကြီးမားမားမျှော်မှန်းထားကြပါတယ်။ 

ကနေဒါစက်မှုဝန်ကြီးဌာနက မစ္စတာ ချမ်ပက်နီက အခုဆုံးဖြတ်ချက်ဟာ လုံခြုံရေးဆိုင်ရာ အေဂျင်စီတွေ၊အနီးကပ်မဟာမိတ်တွေနဲ့ တိုင်ပင်ပြီး အပြည့်အဝသုံးသပ်ပြီးမှ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

တရုတ်ပြောရေးဆိုခွင့်ရှိသူကတော့ ကနေဒါဟာ တရုတ်ကုမ္ပဏီတွေကို ဖိနှိပ်ဖို့ အမေရိကန်နဲ့ လက်တွဲဆောင်ရွက်နေတယ်လို့ စွပ်စွဲထားပါတယ်။ 

မြို့တော် အော့တဝါ အခြေစိုက် ကနေဒါသံရုံးကို BBC သတင်းဌာနက ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် တုံ့ပြန်တာတော့မရှိခဲ့ပါဘူး။ 

ကနေဒါအခြေစိုက် ဟွာဝေးကုမ္ပဏီက သူတို့ရဲ့ ကိရိယာပစ္စည်းတွေကို အစိုးရနဲ့ လုံခြုံရေးဆိုင်ရာ အေဂျင်စီတွေက အနီးကပ်စစ်ဆေးထားပြီး ဟွာဝေးကကိရိယာတွေကြောင့် လုံခြုံရေး အဖြစ် အပျက်တွေ ဖြစ်ပေါ်ခဲ့တာမရှိဘူးလို့ ပြောဆိုထားပါတယ်။ 

ဟွာဝေး ထုတ်ပြန်ချက်မှာ “ဟွာဝေး ကိရိယာများနှင့် ဝန်ဆောင်မှုများကို တားမြစ်ခြင်းသည် က‌နေဒါ စီးပွားရေးအတွက် သိသာသော ရှုံးနိမ့်မှုတစ်ခုကို ဖြစ်ပေါ်စေနိုင်သည်”လို့ ဖော်ပြထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.