တောင်ငူ ၊ မေ (၂၂)

ကေအဲန်ယူ တောင်ငူခရိုင် တပ်မဟာ ၂ ထိန်းချုပ်နယ်မြေ ထန်းတပင်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီရဲ့ သေအေ့ထာစခန်း၊ ကိုဒေးစခန်းနဲ့ ဘောဂလိမြို့တပ်စခန်းတွေကို ပြီးခဲ့တဲ့ မေလ ၄ ရက်ကနေ ၁၈ ရက်အတွင်း KNDO တပ်ဖွဲ့က စနိုက်ပါနဲ့ ခြောက်ကြိမ် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ တပ်မဟာ(၂) တာဝန်ရှိသူတွေက ပြောပါတယ်။

အဲ့ဒီလို စနိုက်ပါနဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီရဲ့ သေအေ့ထာစခန်းကို KNDO တပ်ဖွဲ့ဝင်တွေက လေးကြိမ် သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ကိုဒေးစခန်းနဲ့ ဘောဂလိမြို့စခန်းကို တစ်ကြိမ်စီ သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့သလို၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

KNDO တပ်ရင်း(၄)က ဆယ်စုနှစ်ကြာအခြေချထားတဲ့ စစ်ကောင်စီတပ်စခန်းတွေ ပြန်လည်ရုတ်သိမ်းပေးဖို့ စာထုတ်ပြန်ထားပေမယ့် စစ်ကောင်စီတပ်ဟာ ထုတ်ပြန်ချက်ကို လိုက်နာမှုမရှိဘဲ တပ်အင်အား တိုးချဲ့တာတွေ ပိုမို လုပ်ဆောင်လာတယ်လို့ တပ်မဟာ(၂) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။



ဒါ့အပြင် KNLA တပ်ရင်း၅ နဲ့ တပ်ရင်း ၆ နယ်မြေထဲမှာလည်း စစ်ကောင်စီတပ်က အင်အားထပ်မံတိုးချဲ့လာနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေရှိနိုင်တဲ့ကျေးရွာတွေထဲကို ဝင်ရောက်စစ်ဆေးရှာဖွေတာ၊ စစ်ကြောင်းထိုးတာတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

တပ်မဟာ ၂ နယ်မြေအတွင်းမှာ စစ်ကောင်စီနဲ့ KNLA KNDO ပူးပေါင်းတပ်တွေအကြား မကြာခဏထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ကျေးရွာတွေအပေါ် လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာတွေရှိနေတယ်လို့ တပ်မဟာ (၂)က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.