မော်လမြိုင် ၊ မေ(၂၂)

မွန်အမျိုးသားပညာရေးကော်မတီ (MNEC) ကနေ အခုပညာသင်နှစ်မှာ မွန်အမျိုးသားကောလိပ်ကို စတင်ဖွင့်လှစ်တော့မယ်လို့ မွန်ပညာရေးအသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်အမျိုးသားကောလိပ် စတင်ဖွင့်လှစ်ဖို့အတွက် အွန်လိုင်းကနေ ဝင်ခွင့်လျှောက်လွှာတွေ ခေါ်ယူခဲ့ပြီး မေလ ၂၀ ရက်နေ့က လျှောက်ထားသူတွေကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ ညီစား မွန်အမျိုးသားပညာရေးဗဟိုဌာန ၊ ရေးနဲ့သံဖြူဇရပ်မြို့နယ် ဆက်ဆံရေးရုံး အပါအဝင် မော်လမြိုင်မြို့ မွန်အမျိုးသားပညာရေးရုံးတို့မှာ အရည်အချင်း စစ်ဆေးခဲ့ပါတယ်။

မွန်အမျိူးသားကောလိပ်မှာတော့ GED လို့ ခေါ်တဲ့ အထွေထွေပညာရေးဖွံ့ဖြိုးတိုးတက်ရေး၊ မွန်ယဉ်ကျေးမှု၊ အင်္ဂလိပ်စာ၊ကွန်ပျူတာ၊ မွန်သမိုင်း၊ ကမ္ဘာ့လူမှုရေးဘာသာရပ် (GEDSI)၊ လူ့အခွင့်အရေး၊ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်မှုနဲ့ စီမံခန့်ခွဲမှု၊ ဆရာအတတ်သင်၊မီဒီယာနဲ့ မွန်ဘာသာရပ်တို့ကို သင်ကြားဖို့ စီစဉ်ထားပါတယ်။



မွန်အမျိုးသားကောလိပ်ဟာ မွန်လူမျိုးအတွင်း အင်္ဂလိပ်စာမြှင့်တင်ရေး၊နိုင်ငံတကာတွေမှာ ပညာသင်ယူနိုင်ရေး၊ မွန်စာပေပညာရှင်တွေ ပေါ်ထွန်းရေးနဲ့ စာသင်ကြားမယ့် ကျောင်းဆရာ၊ဆရာမတွေ စတဲ့ လူ့စွမ်းအားအရင်းမြစ်ကောင်းတွေကို မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

မွန်အမျိုးသားကောလိပ်မှာ ဝင်ခွင့်အောင်မြင်တဲ့သူတွေအနေနဲ့ သုံးနှစ်တာ ပညာသင်ကြားရမှာဖြစ်ပြီး လုပ်ငန်းအတွေ့ကြုံရဖို့ ၂ နှစ် ပြန်လည် တာဝန်ထမ်းဆောင်ပေးရမှာ ဖြစ်ပါတယ်။

ဝင်ခွင့်လျှောက်ထားသူ အရေအတွက် သိရှိနိုင်ဖို့ သံလွင်တိုင်းမ်က မွန်အမျိုးသားကောလိပ် တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် လုပ်ငန်းစဉ်အချို့ မပြီးပြတ်သေးတဲ့အတွက် ပြောပြလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။

မွန်အမျိုးသားပညာရေးကော်မတီ (MNEC)မှာတော့ မွန်အမျိုးသားကောလိပ်အပြင် မွန်အမျိုးသားစာသင်ကျောင်းပေါင်း ၁၄၀ ကျော်ရှိနေတာ ဖြစ်ပြီး တက်ရောက်သင်ကြားနေတဲ့ ကျောင်းသား၊ကျောင်းသူပေါင်း ၂၀၀၀၀ နီးပါး ရှိနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ် See less

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.