ကဘူးလ်- မေ(၂၁)

အာဖဂန်ရှိ တာလီဘန်အာဏာပိုင်များက ဒေသတွင်းသတင်းဌာနများမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတင်ဆက်သူတွေကို ရုပ်သံထုတ်လွှင့်တဲ့အခါ မျက်နှာကို ဖုံးအုပ်ထားဖို့ ရုပ်သံဌာနများကို ပြောကြားထားခဲ့ကြောင်း တာဝန်ရှိသူတဦးကပြောပါတယ်။

ယင်းအမိန့်မှာ အာဖဂန်အမျိုးသမီးတွေ လူမြင်ကွင်းမှာ မျက်နှာကို ဖုံးကွယ်ထားရမယ်ဆိုပြီး တာလီဘန်အာဏာပိုင်တွေရဲ့ လတ်တလောညွှန်ကြားချက်ရဲ့ နောက်ဆက်တွဲအဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး အတိတ်ကာလကအတိုင်း အမျိုးသမီးများကို ပိုမိုတင်းကျပ်စွာ အုပ်ချုပ်မဲ့ တာလီဘန်ရဲ့ အရိပ်လက္ခဏာများ ပြန်လည်လာနိုင်ချေရှိတယ်လို့ သုံးသပ်နေကြပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံ၏ TOLO သတင်းဌာန တွစ်တာစာမျက်နှာရေးသားချက်တွင် တာလီဘန်များက သတင်းတင်ဆက်သူများကို မျက်နှာဖုံးအုပ်ခိုင်းတဲ့ အမိန့်ကို ညှိနှိုင်းလို့ မရခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ 

TOLO သတင်းဌာနက လက်ခံရရှိသော သတင်းအရ ထိုအမိန့်မှာ အာဖဂန်ရှိ မီဒီယာများအားလုံးကို ရည်ညွှန်းထုတ်ပြန်ထားခဲ့တာလည်းဖြစ်ပါတယ်။ 

၁၉၉၆ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ တာလီဘန်အုပ်ချုပ်စဥ်ကလအတွင်းကလည်း အမျိုးသမီများက ဘူကာများနှင့် ခန္ဓာကိုယ်အား အလုံးစုံကွယ်ကာတဲ့ အဝတ်အစားများကို ဝတ်ဆင်ခဲ့ရပါတယ်။ 

၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းက အာဏာသိမ်းယူချိန်မှာ တာလီဘန်များက အဝတ်အစားများနဲ့ ပတ်သက်ပြီး ယင်းတို့ရဲ့ သတ်မှတ်ချက်များကို ဖြေလျှော့မယ်လို့ ထင်ခဲ့ရပြီး အမျိုးသမီးများအတွက် အဝတ်သတ်မှတ်ချက်မရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။ သို့သော်လည်း မကြာသေးသော သီတင်းပတ်များအတွင်း ထိုကန့်သတ်ချက်များကို ပြန်လည်မိတ်ဆက်အကောင်အထည်ဖော်လာခဲ့တာလည်းဖြစ်ပါတယ်။ 

မေလ ၇ ရက်နေ့တွင် တာလီဘန်များက လေးစားစရာကောင်းသော အာဖဂန်အမျိုးသမီးများအနေဖြင့် ဟီဂျပ်ကို ဝတ်ဆင်ရမယ်လို့ ကြေငြာခဲ့ပြီး ထိုအမိန့်ကို ဖောက်ဖျက်ပါကလည်း ရာဇဝတ်ပြစ်ဒဏ်များ ချမှတ်သွားမယ်လို့ ပြောခဲ့ပါတယ်။ 

သက်ဆိုင်ရာဝန်ကြီးဌာနတာဝန်ရှိသူ မူဟာဂျီအာက ရိုက်တာသတင်းဌာနသို့ ကြာသပ‌တေးနေ့ ပြောကြားချက်တွင် အမျိုးသမီးများ၊ သတင်းတင်ဆက်သူများအနေနဲ့ ကိုဗစ် ကပ်ဘေးအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုတဲ့ နှာခေါင်းစည်းကို ဝတ်ဆင်ထားရမယ်လို့ ဆိုထားပါတယ်။

Ref: Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.