ဗီယင်ကျန်း၊ မေ(၁၈) 

လာအိုအစိုးရက အရှေတောင်အာရှနိုင်ငံတွင်း လောင်စာဆီဝယ်လိုအားများလာတာနဲ့အတူ အလုံးအရင်းနဲ့ အဆမတန်ဝယ်ယူမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပပြီးနောက် လာအိုမှာ လောင်စာဆီရရှိမှု လိုအပ်ချက်တချို့ကြုံတွေ့ရနိုင်တယ်လို့ အဓိက ရောင်းဝယ်သူ တစ်ဦးက ပြောပါတယ်။ 

လာအိုဟာ သူတို့ရဲ့ ရေနံဆီအများစုကို အိမ်နီးချင်း ထိုင်းနိုင်ငံက တင်သွင်းမှုအပေါ် မှီခိုနေရတာ ဖြစ်ပြီး လွန်ခဲ့တဲ့ သီတင်းပတ်က ဓာတ်ဆီဆိုင်အများစုကို ပိတ်ထားခဲ့ရပြီး လောင်စာဆီ သိုလှောင်ဖို့ ဝယ်ယူသူတွေက နာရီပေါင်းများစွာ တန်းစီခဲ့ရတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။ 

လက်ရှိလာအိုမှာ ဓာတ်ဆီဆိုင် (၅၃) ဆိုင်ကို လည်ပတ်နေတဲ့ ထိုင်းရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီ PTT Oil and Business Plc က ပုံမှန်အတိုင်းလောင်စာဆီဖြန့်ဖြူးဖို့ စီစဉ်နေပေမယ့် လိုအပ်ချက်တွေရှိနေတယ်လို့ သိရပါတယ်။ 

“ဖောက်သည်များစွာရှိတဲ့ အချို့သောအခြေအနေများမှာ ဟာကွက်အချို့ရှိနိုင်သော်လည်း ၎င်းအခြေအနေကို စီမံခန့်ခွဲဖို့ကြိုးစားနေပါတယ်” လို့ အကြီးတန်းစျေးကွက်ရှာဖွေရေးအရာရှိ ဆောင်ပွန်က ပြောခဲ့ပြီး အသေးစိတ်ကိုတော့ ပြောဆိုဖို့ငြင်းဆန်ထားပါတယ်။ 

လူဦးရေ(၇) သန်းကျော်သာရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ လာအိုဟာ ဒေသတွင်း အဆင်းရဲဆုံး နိုင်ငံဖြစ်ပြီး ၂၀၂၅ ခုနှစ်အထိ နှစ်စဉ်စီးပွားရေးတိုးတက်မှုနှုန်း ၄ ရာခိုင်နှုန်း မျှော်မှန်းထားတယ်လို့ သိရပါတယ်။

ငွေကြေးဖောင်းပွမှု မြင့်မားလာတာနဲ့အတူ မတည်မငြိမ်ဖြစ်နေတဲ့ ကမ္ဘာ့ရေနံစျေးကွက်မှာ ပြည်သူတွေရဲ့ ဝယ်လိုအားကို ဖြည့်ဆည်းပေးဖို့ စက်သုံးဆီတင်သွင်းသူတွေအတွက် အခက်အခဲ ဖြစ်စေတယ်လို့ ပြည်တွင်းသတင်းဌာနတစ်ခုက ပြီးခဲ့တဲ့ အပါတ်က ဖော်ပြထားပါတယ်။ 

“ဖွင့်ထားတဲ့ ဓာတ်ဆီဆိုင်တွေကို ရှာရတာ ခက်တယ်” လို့ မြို့တော် ဗီယင်ကျန်းမှာ နေထိုင်သူ တစ်ဦးရဲ့ လောင်စာဆီကို ပလတ်စတစ်ရေသန့်ဘူးတွေမှာ ဖြည့်တင်းဖို့ စောင့်ဆိုင်းနေသူတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။ 

လာအိုအစိုးရကတော့ ဒီအခြေအနေတွေကို ငြင်းဆိုထားပြီး ဒါဟာ အကြပ်အတည်း မဟုတ်ဘူးလို့ ပြောဆိုထားပေမယ့် အရေးပေါ်အစည်းအဝေးကျင်းပပြီး နောက်မှာတော့ ပြည်သူတွေအနေနဲ့ အဆမတန်ဝယ်ယူတာတွေမလုပ်ဖို့ တောင်းဆိုထားပါတယ်။ 

“ကျွန်ုပ်၏ကုမ္ပဏီနှင့် လာအိုလောင်စာဆီနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာအသင်းတို့က လုံလောက်သော လောင်စာဆီကို ပံ့ပိုးပေးမည်ကို ကျွန်ုပ်အာမခံပါတယ်၊ ပြတ်တောက်မည်မဟုတ်ကြောင်းလည်း အာမခံပါတယ်” လို့ Petroleum Trading Lao Public Company ဥက္ကဋ္ဌက လူသိရှင်ကြား ပြောထားပါတယ်။

Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.